DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကို တရားမ၀င်ယန္တရားတင်သွင်းမှုဖြင့် တာဝန်ရှိသူများအား သမ္မတအရေးယူ
DVB
·
March 3, 2016
ဖားကန့်ကို တရားမ၀င်ယန္တရားတင်သွင်းမှုဖြင့် တာဝန်ရှိသူများအား သမ္မတအရေးယူ
Donate to DVB

ဖားကန့်ဒေသကို မြေတူးစက်ယန္တရားတွေတရားမ၀င်သွင်းမှုနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အစိုးရ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေကို ရာထူးတာဝန်တွေကနေ အငြိမ်းစားပေးပြီး အရေးယူထားတယ်လို့  သမ္မတရုံးကအတည်ပြု ပြောပါတယ်။

အကောက်ခွန်နဲ့ စီးပွားကူးသန်းဌာနတွေက ညွှန်ကြားရေးမှူးချုပ် ၂ ဦးကို သမ္မတရုံးအမိန့်နဲ့ အငြိမ်းစားပေးလိုက်တာလို့ သမ္မတရုံး ဒုညွှန်မှူးချုပ်  ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အကောက်ခွန်က ဦးထွန်းသိန်း၊ စီးပွားကူးသန်းက ဦးညွှန်အောင် သူတို့ နှစ်ယောက်ကို ကျတော့ ကျနော်တို့က သမ္မတရုံးအမိန့်နဲ့ အငြိမ်းစားပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ အောက်က လူတွေ ရှိတာပေါ့နော်။ ထွေအုပ်က တိုင်းမင်းကြီး၊ ဘဏ္ဍာအခွန်တို့ စီးပွားကူးသန်း အဲဒီမှာရှိတဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို ဆက်ပြီး အရေးယူတယ်။ သူတို့က ကျတော့ ၀န်ကြီးဌာန အစီစဉ်နဲ့ ဆက်ပြီးအရေးယူတယ်။ အဲဒါတွေ ဆက်လုပ်နေတယ်။ ကျနော်တို့ သမ္မတရုံးကတော့ ညွန်ချုပ် နှစ်ယောက်ကို အငြိမ်းစားပေး လိုက်တာပါ။ ”

အဆိုပါ ညွန်ကြားရေးမှူးချုပ် ၂ ဦးဟာ သမ္မတက တိုက်ရိုက်ခန့်ထားသူဖြစ်တဲ့အတွက် သမ္မတရုံးက အရေးယူတာဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့ကို  အရေးယူတာနဲ့ပတ်သက်ပြီးတော့လည်း  ဦးဇော်ဌေးက “ဖားကန့်ယန္တရားတွေ ကိစ္စပေါ့နော်။ အဲဒါတွေကို နယ်စပ်က သွင်းလာတဲ့ကိစ္စ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သစ်တောရေးရာနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းဦးဆောင်တဲ့အဖွဲ့က ကနဦးစစ်တယ်။ စစ်ဆေးမှုအပေါ် တွေ့ရှိချက် အစီရင်ခံစာ တင်တယ်။ အဲဒီအစီရင်ခံစာပေါ် မူတည်ပြီးတော့ ဘယ်သူတွေ ဘယ်လို တာဝန်ရှိသလဲ၊ ဘယ်လိုပတ်သက်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့အဖွဲ့ ဆက်ကွင်းဆင်းပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတွေ လုပ်တယ်။ အဲဒီလုပ်တဲ့အဖွဲ့ရဲ့ အစီရင်ခံစာ သမ္မတဆီပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့ အပေါ်မှာ ကျနော်တို့ သမ္မတ အရေးယူမှုတွေ လုပ်တယ်။ ”

ကချင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးဇော်သိန်းကိုလည်း ဖားကန့်စက်ယန္တရား တင်သွင်းမှုနဲ့ပတ်သက်ပြီး  ရာထူးက အနားပေးခံရတယ်လို့  မြစ်ကြီးနား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းက ပြောပါတယ်။

“သူ့ကို အနားပေးလိုက်တယ်လို့ပဲ ကြားတယ်။ တိတိကျကျတော့ မသိဘူး။ အဲလိုပဲ ပြောနေကြပါတယ်။ သူ့ကို တာဝန်က အနားပေးလိုက်တယ်။ ဦးတို့သိတာကတော့ တပတ်လောက်တော့ရှိပြီ။ ဟိုနေ့ကတော့ အထုပ်အပိုးတွေနဲ့ ပြောင်းဖို့လုပ်နေတယ်လို့ ကြားပါတယ်။”

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ  လက်ရှိ အစိုးရသက်တမ်း ကုန်ခါနီး  လိုင်စင်မဲ့ မြေသယ်မြေတူးစက်ယန္တရားကြီးတွေ အမြောက်အများနဲ့ တူးဖော်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးအရေးယူမှုတွေ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013