
မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နဲ့ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲ ၂ ခုကို မြန်မာ့ရုပ်မြင်သံကြားမှာ လာမယ့်လကစ ထုတ်လွှင့်ပြသသွားမယ်လို့ ကိုရီးယားနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာတာဝန်ရှိသူတွေက မတ်လ ၂ ရက်နေ့မှာ ပြောပါတယ်။
ပြသမယ့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ၂ ခုကတော့ “A Thousand Days’ Promise”နဲ့ “Cinderella’s Sister”ဇာတ်လမ်းတွဲတွေဖြစ်ပြီး ဒါဟာ နိုင်ငံတကာယဉ်ကျေး မှုဖလှယ်ရေးဆိုင်ရာ ကိုရီးယားဖောင်ဒေးရှင်းအနေနဲ့ ပြည်ပရုပ်သံလိုင်းတခုနဲ့ ပထမအ ကြိမ် အခမဲ့ ပူးတွဲထုတ်လွှင့်မှုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီရုပ်မြင်သံကြားဇာတ်လမ်းတွဲ ၂ ခုကို ထုတ်လွှင့်ပြသသွားမယ့်ရက်ကို အတိအကျမသိနိုင်သေးဘူးလို့ ကိုရီးယားနိုင်ငံအခြေစိုက် ယွန်းဟပ်သတင်း တပုဒ်ကို ကိုးကားပြီး ကိုရီးယားဟာရေးလ်ဒ်သတင်းမှာ ဖော်ပြပါတယ်။
ခုပြုလုပ်တဲ့အစီအစဉ်ဟာ တကမ္ဘာလုံးဆိုင်ရာ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုကို လက်ခံ အားပေးမှုကို နိုင်ငံတကာနဲ့ ပူးတွဲအရှိန်အဟုန်မြှင့်ဆောင်ရွက်တဲ့လုပ်ငန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုအားပေးမှုမြင့်တဲ့ နိုင်ငံတွေထဲမှာ တခု ဖြစ်ပြီး နေ့စဉ်ထုတ်လွှင့်ပြသနေတဲ့ ကိုရီးယားရုပ်သံအစီအစဉ် ၁၀ ခုကျော်လောက်ရှိ နေတယ်လို့ ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ဒါဟာကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်း မြန်မာနိုင်ငံတွင်း ပြသပြီးဖြစ်တာကို ပြနေတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
“ဒါဟာ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှု ယှဉ်ပြိုင်မှုဈေးကွက်ရှိတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေလို အကျိုးအမြတ်ရှိစေမယ့် မရှိမဖြစ်တဲ့ အစီအစဉ်တခုပါ”လို့ သတင်းရင်း မြစ်တခုက ပြောပါတယ်။
လက်ရှိမှာတော့ ကိုရီးယားအစိုးရ၀န်ကြီးဌာနအနေနဲ့ အခမဲ့ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာသဘောတူညီမှုတွေကို ဖီဂျီ၊ ဂျမေကာ၊ကာဂျစ်စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လီဆိုသို၊ ဆွာဇီလန်နဲ့ ဘော့စ်ဝါနာနိုင်ငံတွေမှာ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်း ၂ ခုထဲမှ “A Thousand Days’ Promise”က တော့ သရုပ်ဆောင်မင်းသား ကင်မ်ရေးဝန်နဲ့ မင်းသမီး ဆိုးအေးတို့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပြီး မှတ်ဥာဏ်ပျောက်ဆုံးသွားတဲ့ အမျိုးသမီးတဦးနဲ့ သူ့အနားမှာ ရပ်တည် ပေးတဲ့ ချစ်သူအမျိုးသားအကြောင်းရိုက်ကူးထားတဲ့ ၂၀၁၁ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ခံစားမှုဖွဲ့ ဒရာမာအမျိုးအစားဖြစ်ပါတယ်။
မွန်ဂျောင်ယန်းနဲ့ ချန်ဂျန်းမြောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Cinderella’s Sisters”ကတော့ ၂၀၁၀ ပြည့်နှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ကာ မွေးစားညီအစ် မ ၂ ဦးနဲ့ အတူနေထိုင်ရတဲ့ ဘ၀နေထိုင်မှုနဲ့ ချစ်ခြင်းမေတ္တာကို ရောယှက်ပြသထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတခုဖြစ်ပါတယ်။











