DVB Logo
Home
မြန်မာသတင်း
ပတ်ဂျာဆန်ခေါင်းဆောင်အချို့ကို ပြည်နယ်ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး
DVB
·
March 2, 2016
ပတ်ဂျာဆန်ခေါင်းဆောင်အချို့ကို ပြည်နယ်ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ဘိန်းချင်းဖျက်တဲ့အဖွဲ့နဲ့ ဘိန်းစိုက်ပျိုးသူတွေကြား ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (pat jasan) ခေါင်းဆောင်တချို့ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မနက် ခေါ်ယူစစ်ဆေးနေပါတယ်။

ကချင်လူထု အခြေပြုမူးယစ်ဆေးဝါတိုက်ဖျက်ရေးအဖွဲ့နဲ့ ဒေသခံရွာ သားတွေ အပြန်အလှန် တိုက်ခိုက် မီးရှို့ဖျက်ဆီးတဲ့ကိစ္စကို အဓိက မေးမြန်းစစ်ဆေးနေတာဖြစ်ပြီး ခေါင်းဆောင် ၈ ဦးကို ခေါ်ထားတာလို့ မြစ်ကြီးနားမြို့နယ် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတူးရော်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ခေါ်ထားတာက ၈ ယောက်ပေါ့နော်။ ဒါပေမယ့် တချို့က နာမည်မှားနေတယ်။ ဒီအဖွဲ့ထဲမှာ မပါဘူး။ တချို့က ခရီးထွက်နေလို့  စုစုပေါင်း ၄ ယောက်ပဲ လာတယ်။ မနက် ၉ နာရီကနေ စစစ်တာ၊ ဖာသာဇုန်းဒိန့်ကို အရင်စစ်တာ နေ့လယ် ၁၂ ရီထိ မပြီးသေးဘူး။ ဘိန်းခင်းသွားဖျက်တုန်းက ပြဿ နာတက်ခဲ့တာတွေကို ပြန်မေးတာ။ အသေးစိပ် ဘာတွေ စစ်ဆေးလဲတော့ မသိရသေးဘူးခင်ဗျ။”

ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့ကနေ မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ဆင့်ခေါ်ထားတဲ့ စာထဲမှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ၀ိုင်းမော်မြို့နယ် ဝေမိုးရွာနဲ့ ထန်းမိုးခမ်းရွာ အနီး ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နဲ့ ဒေသခံရွာသားတွေ အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှို့မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ဥပဒေမဲ့ဆောင်ရွက်တာတွေ၊ တာဝန်ရှိသူတွေရဲ့ ကြပ်မတ်မှုအားနည်းတာတွေ တွေ့ရကြောင်း၊ အဲဒီကိစ္စကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးဆောင်ရွက်မှာမို့  ပတ်ဂျာဆန်ခေါင်းဆောင် ၉ ဦးကို စေလွှတ်ပေးဖို့ ဖော်ပြထားပါတယ်။

အင်အားထောင်ချီရှိတဲ့ ကချင်လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အဖွဲ့ဟာ ၀ိုင်းမောက်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဧကပေါင်း သောင်းနဲ့ချီတဲ့ ဘိန်း ခင်းတွေ ဖျက်ဆီးဖို့ အသွားလမ်းမှာ ဘိန်းခြံပိုင်ရှင်ဘက်က လက်နက်တွေနဲ့ တားဆီး တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

၂ ဘက် တိုက်ခိုက်မှုတွေ  ပြင်းထန်စွာဖြစ်ပွားပြီး ဒဏ်ရာရသူပေါင်း ၃၀ ရှိကာ ကချင်ပြည်နယ် အစိုးရက သူတို့လုံခြုံရေးကို တာဝန်မယူနိုင်ဘူးလို့ပြောတဲ့အတွက် ဖေဖော်ဝါရီလ ၂၈ ရက် နေ့က အားလုံး ပြန်ဆုတ်ခွာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013