DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ယူသင့်တယ် - ဒေါက်တာရန်မျိုးသိမ်း
DVB
·
March 2, 2016
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ယူသင့်တယ် - ဒေါက်တာရန်မျိုးသိမ်း
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို ယူသင့်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာ ရန်မျိုးသိမ်းကို ဆက်သွယ်မေးမြန်းပါတယ်။

သမ္မတတာဝန်ထမ်းရွက်ဖို့ လတ်တလော မဖြစ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန် ရယူနိုင်တယ်လို့ တွက်ဆဖော်ပြချက်ရှိတယ်။ ဖွဲ့စည်းပုံဘောင်ထဲကဆို သူ့အတွက် အခုချိန်မှာ ဘယ်တာဝန် ဖြစ်နိုင်ခြေ အရှိဆုံးလဲ။
“ကျနော့်အမြင်ကတော့ လက်ရှိ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းအရ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ပြန်လည်ရယူတာဟာ နိုင်ငံခြားရေးဝန်ကြီးနေရာထက် ပိုပြီးတော့ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာရော အားကောင်းတယ်လို့ ယူဆပါတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်ပြီးတော့ တာဝန်ယူသင့်တယ်လို့ မြင်ပါတယ်။"

နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလည်း ဖြစ်မယ်၊ သမ္မတရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ တပါတည်း လိုက်ပါနိုင်တယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းတွက်ချက်နေကြတဲ့အပေါ် အမြင်။
“တကယ်တမ်းက ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်မယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်ဖြစ်ပေမယ့်လို့ အစိုးရအဖွဲ့ရဲ့ ၀န်ကြီးပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရာထူးအစဉ်မှာ ကြည့်မယ်ဆိုရင် သူက တော်တော်လေး နိမ့်တာကို တွေ့ရတယ်။ ကျနော်တို့နိုင်ငံရေးက အမေရိကန်နိုင်ငံရေးနဲ့တော့ မတူဘူးပေါ့ဗျာ။ အမေရိကန်နိုင်ငံရေးမှာတော့ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုတာ အမေရိကန်နိုင်ငံရေးမှာ အရေးကြီးဆုံးပုဂ္ဂိုလ် ၂ ယောက်ပဲ။ ဒါပေမယ့် အဲလိုပုံစံမျိုး မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးကို စဉ်းစားလို့ မရဘူးလို့မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အသင့်တော်ဆုံးနေရာဟာ နိုင်ငံခြားရေးဝန်ကြီးနေရာ မဟုတ်ဘူး။ သမ္မတမဟုတ်ရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်တယ်လို့ ကျနော်က မြင်တယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခန့်ပြီးသားဆိုတော့ ဘယ်လိုလုပ်မလဲ။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ သူ့ရဲ့ဆန္ဒနဲ့ ရာထူးကနေ နုတ်ထွက်ပေးလိုက်မယ်ဆိုရင် ဒီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တာကို ပြည်သူ့လွှတ်တော်မှာ ပြန်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်ခင်ဗျ။"

အစိုးရအဖွဲ့မှာ တာဝန်ကြီးကြီးယူရင် ပါတီလုပ်ငန်းနဲ့ ကင်းကွာတယ်မဟုတ်လား။ ပြည်သူ့လွှတ်တော်၊ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ရင် ဘယ်လိုရှိသလဲ။
“တကယ်တမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူခဲ့မယ်ဆိုရင် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ပါတီရဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်ဆောင်ရွက်ခွင့် မရှိဘူးဗျ၊ အဲဒီတော့ တနည်းအားဖြင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူလိုက်မယ်ဆိုရင် ပါတီရဲ့ လုပ်ငန်းတွေနဲ့ ကင်းကွာသွားမယ့် အနေအထားရှိတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ဆိုရင်တော့ ပါတီရဲ့လုပ်ငန်းတွေမှာ သူဟာ ပါဝင်ဆောင်ရွက်ခွင့်ရှိတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ ပါတီနဲ့မကင်းကွာနိုင်တဲ့ အားသာချက်တခုလည်း ရှိနေတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013