DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်
DVB
·
March 2, 2016
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်
Donate to DVB

လူထုထောက်ခံမှု အများအပြား ရထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူးအတွက် အမည်စာရင်း တင်သွင်းနိုင်ဖွယ် မရှိဘူးလို့ တွက်ဆချက်တွေနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်နိုင်တယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ စောင့်ကြည့်သူတွေအကြား ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့မှာ အစိုးရသစ်အတွက် ဒု-သမ္မတလောင်း အမည်စာရင်း တင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့သလို ပါတီအလုပ်အမှုဆောင် ဦးဝင်းထိန် ကလည်း ဒေါ်အောင်ဆန်းစုကြည် အနှေးနဲ့အမြန် ကျိန်းသေ သမ္မတဖြစ်ရမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ပါတီအလုပ်အမှုဆောင်တွေ တာဝန်တိုးမြှင့်ပေးမှုနဲ့ အဖွဲ့ဝင် ၅ ဦးပါ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်း ထုတ်ပြန်လိုက်ခြင်းကလည်း ပါတီဥက္ကဋ္ဌ ပါတီတာဝန်က လစ်ဟင်းရင် ပါတီကို ဦးဆောင်ဖို့ ပြင်ဆင်ချက်လို့ တွက်ဆပြီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ တွက်ဆချက် ပိုခိုင်မာခဲ့ပါတယ်။ ဖွဲ့စည်းပုံအရ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတလိုပဲ ပါတီလုပ်ငန်းတွေ လုပ်ကိုင်ခွင့် မရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ဝင် ၁၁ ဦးထဲက ၁ ဦးဖြစ်ပါတယ်။ ကာလုံမှာ အဖွဲ့ဝင် ၁၁ ဦးအနက် မဲအများစု အနိုင်ရပါတီအနေနဲ့ သမ္မတ၊ ဒု-သမ္မတတဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ၀န်ကြီး တာဝန်တွေ ရယူနိုင်ပါတယ်။ ကျန် ၆ ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ တပ်ဘက်ကတင်တဲ့ ဒု-သမ္မတ တဦးတို့ ဖြစ်ပါတယ်။ ရွေးကောက်ခံပါတီက ၅ ဦး မဲရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က မဲက ၆ မဲ ရှိပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းရွက်သင့်ကြောင်းနဲ့ ဒါမှသာ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာရော အားကောင်းစေမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ခြေ တွက်ဆချက်တွေ အပြီးမှာ နိုင်ငံတော်အကြီးအကဲ သမ္မတရာထူးအတွက် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်တို့ နှစ်ဦးအနက် တဦးဖြစ်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် လျာထားတယ်လို့ နာမည်ထွက်နေသူ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ မတိုင်ခင် ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် မထမ်းဆောင်ဖြစ်ရင် ဦးစားပေး ထင်ကြေးပေးခံရသူကတော့ သူရဦးတင်ဦး ဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဖြစ်သလို အဖွဲ့ချုပ်ရဲ့ နာယကတာဝန်ယူထားပြီး လူပုဂ္ဂိုလ်အရ တိုက်ခိုက်ခံရမှု နည်းပါးလွန်းသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးစားမှု ခံယူရသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကျန်းမာရေးအရရော၊ အသက်အရွယ်အရပါ ဖြစ်နိုင်ခြေနည်းတယ်လို့ ခန့်မှန်းတာတွေလည်း ရှိသလို သူကိုယ်တိုင် ကလည်း သမ္မတာဝန်ကို ထမ်းရွက်မှာမဟုတ်ဘူး၊ ကူညီသွားမယ်လို့သာ မီဒီယာတွေမှာ ဖြေဆိုခဲ့ပါတယ်။

တခြား ခန့်မှန်းတွက်ချက်တဲ့စာရင်းမှာ ပါဝင်ကြသူတွေကတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာထင်ကျော်၊ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌရုံး တာဝန်ခံဟောင်း ဒေါ်တင်မာအောင်တို့ သုံးဦးဖြစ်ကြပြီး ဖြစ်နိုင်ခြေတွက်ဆချက်တွေ အားကောင်းတာ မတွေ့ရပါဘူး။ ကနဦးပိုင်းတုန်းက ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် အမည်စာရင်းလည်း ထွက်ခဲ့ပြီးမှ ပြန်မှိန်သွားခဲ့ပါတယ်။

တပ်ကိုယ်စားလှယ်တွေက တင်မြှောက်မယ့် ဒုတိယသမ္မတလောင်း ဖြစ်နိုင်ခြေစာရင်းမှာ တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ ၂ ဦးကို ခန့်မှန်းတွက်ချက်မှု မြင့်မားနေပါတယ်။ ဒီမတိုင်ခင်က ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေနဲ့ ဦးလှဌေးဝင်းတို့ကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။

နောက်ထပ် ဒုတိယသမ္မတဦးကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လူမျိုးစု တိုင်းရင်းသားတဦးကို ရွေးချယ်တင်မြှောက်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အဖို့ လွှတ်တော်မှာ တာဝန်ယူတာထက် အစိုးရအဖွဲ့မှာ တာဝန်ယူခြင်းအားဖြင့် နိုင်ငံတကာကို ခြေဆန့်ပြီး မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်နိုင်လိမ့်မယ်လို့ တွက်ဆချက်တွေ ရှိပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းငြိမ်းချမ်းရေးကို အဆုံးသတ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေကို ဦးဆောင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ဟာ ဘယ်လောက်ထိ တာသွားမယ်ဆိုတာ အကဲမဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ပါတီရွေးကောက်ပွဲမ၀င်၊ မနိုင်ခင် ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင်တွေက အသိအမှတ်ပြု ဆွေးနွေးသလို တရုတ်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ပါ ချစ်ကြည်ရင်းနှီးမှုကို ပြသနိုင်ခဲ့ပါတယ်။

အခုခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်ဟာ အနိုင်ရပါတီတရပ်အနေနဲ့ နိုင်ငံတာဝန်ကို လက်ရှိအစိုးရထံကနေ တရားဝင် လွှဲပြောင်းရခြင်း မရှိသေးတဲ့အချိန်မှာ သုံးသပ်နေကြတာ ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ တရားဝင် စတင်ထမ်းဆောင်တဲ့အခါ အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပိုမိုထိတွေ့ဆွေးနွေးပြီး တိုင်းပြည်အပြောင်းအလဲကို ဆောင်ကြဉ်းသွားနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်သူတချို့လည်း ရှိပါတယ်။

တပ်ဘက်ကနေ တင်မြှောက်လိုက်တဲ့ ဒုတိယသမ္မတဟာ အစိုးရအဖွဲ့တာဝန် ထမ်းရွက်မှု တင်မကဘဲ တပ်မတော်နဲ့ အနိုင်ရပါတီအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ကြမယ့် ဖြစ်စဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013