
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မေ ၂၈ ရက်က စားသောက်ဆိုင်တဆိုင်ကို စစ်အာဏာရှင်တပ်က အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တယောက် သေဆုံးပြီး အနည်းဆုံး ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမြောက်ဘက် ရွှေဘို - မန္တလေး လမ်းမကြီးဘေးရှိ စားသောက်ဆိုင်တဆိုင်ကို မနေ့ နေ့လယ်ပိုင်းက ရွှေဘိုတောင်ဘက်မုခ်ပေါက်ကနေ လွှတ်တင် လိုက်တဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရသူ ခရီးသွားပြည်သူတယောက်က "တဦးကတော့ ပွဲချင်းပြီး သေတာ။ ဒဏ်ရာရတာကတော့ ၄ ဦးလောက်ရှိမယ် ထင်တယ်။ ဒီထက်မကလည်း ပိုနိုင်တယ်။ ဒဏ်ရာရတဲ့အထဲမှာ စားသောက်နေတဲ့ အရပ်သားတွေလည်းပါတယ်။ ဆိုင်က အလုပ်သမားတွေ လည်း ပါနိုင်တယ်" လို့ ပြောပါတယ်။
မေ ၂၂ ရက်ကလည်း ရွှေဘို - မန္တလေး လမ်းမကြီးဘေးက ဈေးဆိုင်တဆိုင်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဈေးသည် အမျိုးသမီးတယောက် သေဆုံးခဲ့ပါသေးတယ်။










