DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ဆန္ဒပြတောင်းဆိုထားသည့် ရပိုင်ခွင့်ပြန်ရ
DVB
·
March 1, 2016
မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ဆန္ဒပြတောင်းဆိုထားသည့် ရပိုင်ခွင့်ပြန်ရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ Golden Prize Canning ကုမ္ပဏီ ငါးစည်သွပ်ဗူးလုပ်ငန်းစက်ရုံမှာ ခေါင်းပုံဖြတ်ခံထားရတဲ့ အလုပ်သမားပေါင်း ၁၅၀၀ ရဲ့ ရပိုင်ခွင့်တွေကို ပြန်ရပြီဖြစ်ပါတယ်။

ဆမွတ်ဆာခွန်းခရိုင်ဝန် ဦးဆောင်ပြီး ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေပါ ပါဝင်တဲ့ တာဝန်ရှိသူဟာ ဖေဖော်ဝါရီ ၂၉ ရက်က  ည ၁၂ နာရီ အထိ အလုပ်ရှင်နဲ့ ညှိနှိုင်းပေးခဲ့ရာမှာ  နောက်ဆုံးတော့ အလုပ်သမားဘက်က ၆၅ ရာခိုင်နှုန်းနဲ့ ပြေလည်မှုရခဲ့တယ်လို့  မဟာချိုင်အခြေစိုက်ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန်ရက်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ခရိုင်ဝန်ကိုယ်တိုင် အဲဒီစက်ရုံကိုရောက်လာတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းက လူတွေရော၊ ရပိုင်ခွင့်တောင်းဆိုတဲ့ အလုပ်သမားတွေရော ဘယ်သူမှမပြန်ဘဲ စောင့်ပြီး ညှိနှိုင်းကြတာ နောက်ဆုံးတော့ ရပိုင်ခွင့် ရာနှုန်းပြည့်မယူတော့ဘဲ ၆၅ ရာခိုင်နှုန်းပဲ ယူတော့မယ်ဆိုတော့ ပြေလည်သွားကြပါတယ်။  မြန်မာအလုပ်သမားက ၁၅၀၀၊ ထိုင်းအလုပ်သမားက ၂၅၀ ရှိတယ်။ ရပိုင်ခွင့်ကတော့ တယောက်နဲ့တယောက်မတူဘူးပေါ့။ အားလုံးအတွက်ဆိုရင် ကျနော်ထင်တယ် စုစုပေါင်းတော့ ဘတ်သန်းပေါင်း ၈၀ ကျော်လောက်တော့ ပြန်ရမယ် ထင်တယ်ဗျ။”

သဘောတူချက်ရပြီးတာနဲ့ စက်ရုံပိုင်ရှင်ဟာ မနေ့ညကတည်းက အလုပ်သမားတချို့ကို စတင်ငွေ ပေးလျော်နေပြီး ဒီကနေ့လည်း တဖွဲဖွဲနဲ့ ထုတ်ပေးနေတုန်းဘဲလို့ သူကဆက်ပြော ပါတယ်။

အခုလို ရပိုင်ခွင့်တွေ ပြန်ရတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်ကနေ အလုပ်လာလုပ်တဲ့ အလုပ်သမားတဦးဖြစ်သူ မချိုချိုမာက သူ့ခံစားချက်ကို ခုလိုပြောပြပါတယ်။

“ကျမဒီမှာလုပ်နေတာ ဆယ်နှစ်လောက်ရှိပြီ။ လုပ်အားခရဖို့ရှိတာက ဘတ် ၉ သောင်းကျော်၊ အခု ၅ သောင်းကျော်ပြန်ရတယ်။ အပြည့်မရပေမယ့် ကျေနပ်ပါတယ်။ ၀မ်းလည်းသာတယ်။ မရဘူးလို့ ထင်နေတာလေ။ ကျမတို့ကို ပြန်တောင်းဆိုပေးတဲ့ အလုပ်သမားခေါင်းဆောင်တွေ တော်တယ် လို့ပဲ ပြောချင်တယ်။”

ဒါ့အပြင် အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ ထားဝယ်သား ကိုသန်းဇော်ထိုက်ကလည်း “ကျနော် ဒီစက်ရုံမှာလုပ်လာတာ ၁၂ နှစ်ရှိပြီ။ ကျနော်ရဖို့ရှိတာက ဘတ် ၁ သိန်းကျော်၊ သဘောတူချက်အရ အခုက ၆၁၄၀၀ ဘတ်ပြန်ရတယ်။ ကျေနပ်ပါတယ်။ ဒါပေမယ့် တချို့က မကျေနပ်ဘူး။ လက်မှတ်မထိုးသေးတဲ့ လူတွေရှိတယ်။ အဲဒါပြေလည်အောင် အလုပ်ရှင်ကို ပြန်ပြောပေးရအုံးမယ်ခင်ဗျ”လို့ ပြောပါတယ်။

အခုလိုရပိုင်ခွင့်တွေပြန်ပေးတာမြင်တော့ ပုတ်ပြတ်နဲ့ ငှားထားတဲ့ အလုပ်သမားတွေကလည်း သူတို့ရဲ့ ရပိုင်ခွင့်တွေ ပြန်တောင်းပေးဖို့ လာရောက်တိုင်တန်းထားကြောင်း၊ ထိုင်းအလုပ်သမား ဥပဒေအရ ပုတ်ပြတ်နဲ့ ငှားရမ်းပေမယ့်လည်း လုပ်အားခက အနိမ့်ဆုံးလစာထက် လျော့နည်း နေရင် ပြည့်အောင်ပြန်ဖြည့်ပေးရမယ်လို့ ဆိုထားကြောင်း ဦးအောင်ကျော်က ပြောပါတယ်။

Golden Prize Canning Co.ltd က အလုပ်သမားတွေဟာ  လုပ်အားခအပြည့်မရခြင်း၊ အချိန်ပိုလုပ်ခမရခြင်း၊ နားရက်မရှိခြင်း၊ လူမှုဖူလှုံရေးရံပုံငွေထဲပါဝင်ခွင့်မရခြင်း အစရှိတဲ့ ရပိုင်ခွင့်တွေ မရခဲ့တာ ဆယ်နှစ်ကျော်ကြာခဲ့ပေမယ့်လည်း ထိုင်းအလုပ်သမားကာကွယ်ရေး ဥပဒေအရ ၂ နှစ်တာကာလအထိဘဲ နောက်ပြန်ဆုတ် ရပိုင်ခွင့်ပြန်ရတာဖြစ်ပါတယ်။

အခုလို ရပိုင်ခွင့်တွေပြန်ရတာဟာ အလုပ်သမားတွေအနေနဲ့ မိမိဝတ္တရားနဲ့ ရပိုင်ခွင့်၊ အလုပ်သမားအခွင့်အရေး၊ အလုပ်သမားဥပဒေတွေ နားလည်ပြီး စည်းစည်းလုံးလုံးနဲ့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်တောင်းဆိုခဲ့ကြတာကြောင့် ပြေလည်မှုရခဲ့တာဖြစ်ကြောင်း၊ တခြားစက်ရုံက အလုပ်သမားတွေလည်း အတုယူသင့်ကြောင်း ဦးအောင်ကျော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013