DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှင့်မပတ်သက်ဟု ရက္ခိုင့်တပ်မတော်ထုတ်ပြန်
DVB
·
March 1, 2016
မူးယစ်ဆေးဝါးနှင့်မပတ်သက်ဟု ရက္ခိုင့်တပ်မတော်ထုတ်ပြန်
Donate to DVB

ရက္ခိုင့်အမျိုးသားတပ်မတော် (အေအေ) အဖွဲ့ဝင်ထံက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ အစိုးရသတင်းစာကနေ သတင်းထုတ်ပြန်တာဟာ  ဂုဏ်သိက္ခာကျဆင်းစေဖို့  လုပ်ကြံဖန်တီးချက်ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော်က ငြင်းဆိုကန့်ကွက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် နဲ့ ၁၀  ရက်နေ့တွေက  ရန်ကုန်မြို့ အလုံမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်)၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာမြို့နယ်ထဲမှာ အေအေအဖွဲ့ဝင်နဲ့  ဆက်စပ်သူတွေ ဆီကနေ  စစ်လက်နက် အသုံးအဆောင်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေရော စိတ်ကြွဆေးပြား အလုံးရေ ၃၃၀၈၀၀ (သုံးသိန်းကျော်)ပါ ဖမ်းဆီးရမိတယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လက်နက်နဲ့စစ်ပစ္စည်းတွေကတော့ အေအေအဖွဲ့ဝင်ရဲ့ ပစ္စည်းတွေဖြစ်ပေမယ့် မူးယစ်ဆေးဝါး ကတော့ ပတ်သက်ခြင်းမရှိကြောင်း   ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်တွေကတော့ ကျနော်တို့နဲ့ ဆက်စပ်တဲ့ဟာတွေပါတယ်။ မူးယစ်ဆေးဝါးတော့ လုံးဝမဟုတ်ဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျနော်တို့အမြဲဆန့်ကျင်တယ်။ လူမျိုးနွယ်စု တစ်ခုလုံးကို ဒုက္ခပေးမယ့်ကိစ္စ၊ အဲဒါမျိုးကို ကျနော်တို့ ဘယ်တော့မှမလုပ်ဘူး။ ကျနော်တို့ အဖွဲ့ဝင်တွေကို အတင်းအဓမ္မညှဉ်းပန်းနှိပ်စက်ပြီးတော့မှ သူတို့လိုရာဆွဲပြီးတော့မှ ၀န်ခံခိုင်းတာ၊ သူတို့ဆီမှာ မကြာခင်ကမှဖမ်းဆီးရမိထားတဲ့ ပိုင်ရှင်မဲ့မူယစ်ဆေးဝါးတွေ အများကြီးရှိတယ်။ သူတို့အဲဒါတွေ ထုတ်ပြပြီးမှ ကျနော်တို့အဖွဲ့ဝင်တွေကို အတင်းအဓမ္မ ဒီဟာတွေနဲ့ ပတ်သက်ပါတယ်ဆိုပြီးတော့ လုပ်တာ၊ အစိုးရရဲ့ဦးတည်ချက်က ကျနော်တို့ ရက္ခိုင့် တပ်မတော်ရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာရော၊  ရခိုင်ပြည်သူတွေကြားထဲမှာာ ထင်ယောင်ထင်မှား ဖြစ်အောင်၊ ကျနော်တို့ ဂုဏ်သိက္ခာကို ကျဆင်းစေလိုတဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ကြံတာ၊ အဲဒါကြောင့်မို့လို့ ဒီဟာကို ကန့်ကွက်တယ်။”

ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံရေးပြဿ နာကို  နိုင်ငံရေးအရဆွေးနွေးဖြေရှင်းမယ့်အစား အခုလို  စွပ်စွဲဖမ်းဆီးမှုတွေပြုပြီး ရခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ လည်း အေအေအဖွဲ့က ပြောပါတယ်။

ရက္ခိုင်တပ်မတော် (အေအေ)ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများအဖွဲ့ဝင်ဖြစ်ပါတယ်။

လက်ရှိအစိုးရဆောင်ရွက်နေတဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ အန်စီအေစာချုပ်မူကြမ်းရေးသားစဉ်ကတည်းက တလျှောက်လုံးပါဝင်ခဲ့ပေမယ့် လက်မှတ်ထိုးဖို့ရာမှာတော့ မဟာမိတ် ကိုးကန့်၊ တအာင်း တပ်ဖွဲ့တွေနဲ့အတူ ကျန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတော့  ဘူးသီးတောင်မြို့နယ် မိုင်တိုင်အမှတ်  ၆၃/၆၄ အနီးမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အစိုးရတပ်ဘက်က ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်း တချို့ဖမ်းဆီးရမိတယ်လို့ အေအေက ပြောပါတယ်။ ဒီတိုက်ပွဲကိုတော့ တပ်မတော်ဘက်က သတင်းမထုတ်ပြန်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013