DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ သေချာဟု ဦးဝင်းထိန်ပြောကြား
DVB
·
March 1, 2016
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ သေချာဟု ဦးဝင်းထိန်ပြောကြား
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ကျိန်းသေပြီး အနှေးနဲ့အမြန်သာကွာမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောကြားချက်ကို ဘီဘီစီသတင်းဌာနက ဖော်ပြပါ တယ်။

ဒုသမ္မတလောင်းရွေးချယ်မယ့်ရက်ကို မတ်လ ၁၇ ရက်သတ်မှတ်ထားရာကနေ မတ်လ ၁၀ ရက်နေ့ကို ပြောင်းလဲလိုက်တာနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ဟာ... ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်မှာ၊ ရွှေ့တာမရွှေ့တာနဲ့ ဘာမှ မဆိုင်ဘူး။ နှေးတာနဲ့မြန်တာ ဒီနှစ်ခုပဲ ကွာမယ်။ အဲဒါကိုယ့်ဟာကိုယ်တွက် (ဘယ်လိုဖြစ်နိုင်မလဲ မေးမြန်းရာမှာ)၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖတ်၊ နည်းဥပဒေတွေဖတ်။ ဖြစ်လာမှာပေါ့ (သမ္မတ ဖြစ်လာနိုင်သေးတယ်ပေါ့နော်ဟု ထပ်မံမေးမြန်းရာမှာ)။ သူဖြစ်ဖို့လုပ်နေတာ ကျုပ်တို့က။”လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သူ့အနေနဲ့ သမ္မတာဝန်ယူ ထမ်းရွက်လိုကြောင်း ပြောခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ စ အရ ကန့်သတ်မှုကြောင့် သမ္မတဖြစ်ဖို့အတွက် ဒီပုဒ်မကို ဆိုင်းငံ့ပြီး သမ္မတရာထူး ထမ်းရွက်နိုင်တယ် လို့ ထင်ကြေးတွေရှိပါတယ်။

သမ္မတကို တင်မြှောက်ဖို့အတွက် အမျိုးသားလွှတ်တော်က ဒုသမ္မတ တဦး၊ ပြည်သူ့လွှတ်တော်က ဒုသမ္မတ တဦး၊ တပ်မတော်သားကိုယ်စားလှယ်တွေက ဒုသမ္မတ တဦး စုစုပေါင်းသုံးဦးထဲက သမ္မတကို ပြန်လည်ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ ဒါကြောင့် မတ်လ ၁၀ ရက်နေ့ကစလို့ ရက်ပေါင်း ၂၀ အတွင်းမှာ ဒုသမ္မတတွေ ရွေးချယ်ပြီး သမ္မတကို ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရရဲ့ သက်တမ်းဟာ မတ်လကုန်အထိဖြစ်ပြီး လာမယ့် ဧပြီလဆန်းကစလို့ နောက်အစိုးရသစ်က ၅ နှစ်သက်တမ်း တာဝန်ယူမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013