
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တစ်ချို့မှာ အယ်လ်နီညိုဖြစ်စဉ် ပူပြင်းတဲ့နွေရာသီကာလ အတွင်း သောက်သုံးရေ မပြတ်လပ်ရလေအောင် ကြိုတင်စုဆောင်းနေပါတယ်။
နှစ်စဉ်နွေရာသီတိုင်းရေရှားပါးတဲ့ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ စုဆောင်းဖို့ အစီအစဉ်တွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ရေချိုမြစ်က မြစ်ရေတင်တာ။ စိမ့်စမ်းရေကို လျိုပိတ်စုဆောင်းတာ။ မြေအောက်ရေ တူးဖော်တာအပြင် သောက်သုံးရေပို့ဆောင်ပေးတာတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါ၀ါလှိုင်က “လုံးဝ လျှိုလည်းမရှိဘူး။ လက်နှိပ်တုံကင်လည်း တူးလို့မရဘူး။ မြစ်ရေလည်းတင်လို့မရဘူးဆိုတဲ့ ရွာတွေမှာဆို ကျွန်မတို့က အခုလက်ရှိရှိတဲ့ရေတွေကို ချွေတာသုံးပြီးတော့ တကယ့်တကယ် ရေရှားလာလို့ရှိရင် လုံးဝရေပြတ်လတ်သွားလို့ရှိရင် ကျွန်မတို့ကျေးလက်ဦးစီးဌာနက ရေသယ် ပေးမှာပါ။ အဲဒီ့ရွာကို ရေကိုပို့ပေးမယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက မြစ်ချောင်းတွေဟာ ဒီရေအတက်အကျ အမြဲရှိနေပြီး ဆားငန်တာကြောင့် ရေချိုရနိုင်တဲ့ အချိန်မှာ အချိန်မီ မြစ်ရေတင်စုဆောင်းထားဖို့လိုသလို ရေကို ချွေတာသုံးစွဲဖို့ အသိပေးထားတာတွေလည်းရှိပါတယ်။ လောလောဆယ်တော့ ကျေးလက်ဦးစီးဌာနနဲ့၊ ယူနီဆက်ဖ်တို့ ပူးပေါင်းပြီး သောက်သုံးရေစုဆောင်းဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒေါ်ဝါ၀ါလှိုင်က “မြစ်ရေတင်တာကလည်း မြစ်ကလည်း ရှေ့လလောက်ဆိုရင် ဆားငန်တော့ မယ်။ အခုတောင်မှ ကျွန်မတို့ ဒီရေအတက်အဆင်းကို လိုက်ပြီးတော့၊ အတက်ဆိုရင် မြစ်ရေတင်လို့ မရဘူး။ နည်းနည်းငန်တယ်။ အဆင်းဆိုရင် ချိုတယ်။ အဲ့ဒါကြောင့် အတက်အဆင်း ကိုလိုက်ပြီး တင်ပေးနေပါတယ်”လို့ ပြောပါတယ်။
အယ်လ်နီးညိုဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်က ကျေးရွာပေါင်း ၃၇၆၀ အတွက် သောက်သုံးရေအခက်အခဲမဖြစ်ဖို့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နေပြီး ကုန်ကျနိုင်မယ့်ငွေ သုံးဘီလီယံကို ပြည်ထောင်စုအစိုးရထံမှာ တင်ပြတောင်းခံထားတယ်လို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။
ဒီနှစ် အယ်လ်နီညိုရာသီဥတုဟာ မြန်မာနိုင်ငံအတွက် အပြင်းထန်ဆုံး ပူပြင်းမယ့်ရာသီဥတုအဖြစ် တွက်ချက်ထားပြီး ပြည်သူ့လွှတ်တော်မှာ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်ဖို့အ တည်ပြုထားပါတယ်။
အစိုးရက အများပြည်သူကို နိုင်ငံပိုင်မီဒီယာတွေကနေ ကျန်းမာရေး ပညာပေး ဆော်သြမှုတွေနဲ့ သောက်သုံးရေပြတ်လပ်ရင် အကြောင်းကြားရမယ့် အဆက်အသွယ်တွေကို ထုတ်ပြန်ထား ပါတယ်။
သတင်း - ကိုအောင်











