DVB Logo
Home
မြန်မာသတင်း
ဝါရင့် စာရေးဆရာကြီးမောင်သာရ ကွယ်လွန်
DVB
·
March 1, 2016
ဝါရင့် စာရေးဆရာကြီးမောင်သာရ ကွယ်လွန်
Donate to DVB

ဝါရင့် စာရေးဆရာကြီးမောင်သာရ အသက် ၈၅ နှစ်ဟာ အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာစ်ဗွီးဂတ်စ်မြို့မှာ ဒေသအချိန် ဖေဖော်ဝါရီ ၂၉ ရက်မွန်းလွဲပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုက ဒီဗွီဘီကိုပြောပါတယ်။

မောင်သာရရဲ့ သမီးဖြစ်သူ ဒေါ်အိမ့်က “ဖေဖေက နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ။ အိပ်နေရင်းကနေ မနိုးပဲ ဆုံးသွားတာ။ နလန်ထဆေးရုံမှာပေါ့။ ၂၄ နာရီသူနာပြုဆရာမတွေကျန်းမာရေး စောင့်ရှောက်ပေးတဲ့နေရာမှာ။ သူက ဆေးရုံတက်လိုက် အဲဒီကိုပြောင်းလိုက် အဲလိုနဲ့လုပ်နေတာ ခုဆုံးတဲ့နေရာကို ရောက်နေ တာတော့ ၇ လ ၈ လလောက်ရှိပြီထင်တာပဲ ” လို့ပြောပါတယ်။

ဆရာမောင်သာရအတွက် မနက်ဖြန် သက်ပျောက်ဆွမ်းကပ်ဖို့ရှိပြီး မီးသဂြိုလ်ဖို့နဲ့ ဈာပန အခမ်းအနားတွေကိုတော့ ကြာသပတေး (သို့) သောကြာနေ့တွေမှာ ကျင်းပဖို့ မိသားစုက စီစဉ်နေပါတယ်။

မောင်သာရဟာ ကွယ်လွန်ချိန်မှာ သမီးဖြစ်သူ စာရေးဆရာမဖြိုးသာရအပါအ၀င် သားသမီး ၈ ဦးနဲ့ မြေးမြစ်တွေ ကျန်ရစ်ပါတယ်။

မောင်သာရကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး စာပေလုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ စာရေးဆရာကြီးမောင်စွမ်းရည်က “မောင်သာရကတော့ဗျာ အင်မတန် စာရေးကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ စာပေထဲက စကားလုံးတွေကလည်း သူမို့လို့ ရေးနိုင်တာပေါ့ဗျာ။ နောက်ကျတော့ ဘ၀သရုပ်ဖော်တွေရေးတယ်။ ဘ၀သရုပ်ဖော်ကြတော့လဲ တော်တော်ကို အဆင့်အတန်း မြင့်မြင့်ရေးနိုင်တယ်။ ကျောင်းသားခေါင်းဆောင်ဟောင်း နိုင်ငံရေးသမားဟောင်း ဘ၀ သရုပ်ဖော်စာရေးဆရာတစ်ယောက် ကွယ်လွန်သွားတဲ့အတွက်ကြောင့် နှမြောစရာကောင်း ပါတယ်။ သူက ဘ၀သရုပ်ဖော်ရေးတာ ကွင်းဆင်းပြီးရေးတာ၊ တကယ်လေ့လာပြီရေးတာ ဥပမာ တက္ကစီဒရိုက်ဘာဆို တက္ကစီတကယ်မောင်းပြီးတော့ ရေးတာ။ အဲလို ဘ၀ကို တကယ်လေ့လာပြီးတော့ရေးတဲ့အခါမှာ ပိုပြီးတော့ ကောင်းတယ်ပေါ့ဗျာ မတ်တပ်ရပ်လို့ လမ်းမှာငို တို့ဘာတို့ တကယ်ကောင်းတယ်။ ရေးစရာတွေ ကြွယ်ဝတယ် တကယ်အတုယူ စရာကောင်းတယ်”လို့ပြောပါတယ်။

မောင်သာရ ရေးသားထုတ်ဝေတဲ့ ၀တ္ထုတွေထဲက ကျဉ်တုတ်ခံဝံ့ မခံဝံ့၊ မျိုးမမပကာသနီ၊ ထမီကျွတ်၍လွှတ်လိုက်မည်၊ ရွှေစော်နံပြန်လိုက်ဦး၊ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ မနုတ်လောက်တော့တစ်ဆယ်ချေး၊ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ရှင်ဘုရင်နဲ့ညားရင်မိဘုရား၊ ပြုံးတတ်တယ်၊ ခေါင်းငြိမ့်တတ်တယ်၊ တောလယ်၊ မောတယ်၊ အပြောကြွယ် စတဲ့ ၀တ္ထုတွေ လူသိများထင်ရှားပါတယ်။

စာပေသက်တမ်းတလျောက် လုံးချင်းဝတ္ထု ၆၀ လောက်နဲ့ ၀တ္ထုတိုပေါင်း ၃၀၀ ကျော် ရေးသားခဲ့ပြီး လက်ရာတချို့ကို ရုပ်ရှင်ရိုက်ကူးခဲ့သလို တချို့ကိုတော့ နိုင်ငံရပ်ခြား ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်။

မောင်သာရ အမည်ရင်း ဦးသိန်းလွင်ဟာ မန္တလေး ဇာတိဖြစ်ပြီး အသက် ၁၆ နှစ် မပြည့်ခင် တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို တနိုင်ငံလုံး သင်္ချာပထမနဲ့ အောင်မြင်ခဲ့ပေမယ့် အသက်မပြည့်လို့ တက္ကသိုလ် ၀င်ခွင့်မရခဲ့ပါဘူး။

ဂုဏ်ထူးဆောင် ပညာတော်သင်စရိတ်နဲ့  မန္တလေးတက္ကသိုလ်မှာ စတက်ခဲ့ပြီး ၁၉၅၁ ရန်ကုန် ရွှေတိဂုံအလယ်ပစ္စယံ ပြည်လုံးကျွတ်ကျောင်းသား ညီလာခံမှာ ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှာ ဗဟိုအလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ၀ါဒဖြန့်ချိရေး ဗျုရိုအတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရ ပါတယ်။

၁၉၅၂-၅၃မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသား အင်အားစု၊ ဗဟိုကလပ်စည်းအဖွဲ့ဝင်ဖြစ်လာပြီး မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦး ခေါင်းဆောင်တဦးအဖြစ် တိုက်ပွဲဝင်စဉ် ဖဆပလ အစိုးရက ပုဒ်မ ၅ နဲ့ ဖမ်းဆီးပြီး ၁၉၅၃မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချခဲ့သလို တက္ကသိုလ်ကလည်း ရာသက်ပန်ကျောင်းထုတ်ခံ ခဲ့ရပါတယ်။

၁၉၅၅ ခုနှစ် ထောင်မှ လွတ်လာပြီးနောက် ရှုမ၀မဂ္ဂဇင်းမှာ ညှာရွှေတခက် ကြွေရက်စောဝတ္ထုရှည်နဲ့ စာပေနယ်ထဲ စတင် ၀င်ရောက်ခဲ့ပြီး ၁၉၇၀မှာ မတ်တတ်ရပ်လို့ လမ်းမှာငို ၀တ္ထုနဲ့ အမျိုးသားစာပေဆုရခဲ့ပါတယ်။

၁၉၉၉ ဇူလိုင်မှာ မြန်မာပြည်က ထွက်ခွာလာခဲ့ပြီး ထိုင်းနယ်စပ်ကတဆင့် အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချနေထိုင်ကာ အာအက်ဖ်အေ မြန်မာပိုင်းရေဒီယိုကနေ အပတ်စဉ်စာပေနဲ့ အနုပညာဆိုင်ရာ အသံလွှင့်ဆောင်းပါးတွေ ရေးသားထုတ်လွှင့်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013