DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင်အမျိုးသမီး ၃၀ ရာခိုင်နှုန်း လက်တွေ့ပါဝင်ခွင့်ပေးရန် တောင်းဆို
DVB
·
February 29, 2016
ငြိမ်းချမ်းရေးဖြစ်စဉ်တွင်အမျိုးသမီး ၃၀ ရာခိုင်နှုန်း လက်တွေ့ပါဝင်ခွင့်ပေးရန် တောင်းဆို
1 / 5
Donate to DVB

လက်ရှိမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို လက်တွေ့ထည့်သွင်း ပါဝင်ခွင့်ပေးသွားဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ ပြည်တွင်းပြည်ပက အမျိုးသမီးအဖွဲ့ပေါင်းစုံရဲ့ ၃ ရက်တာ အစည်းအဝေးအပြီး တောင်းဆိုလိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးတွေ တကယ်ပါဝင်လာအောင် ကြိုးပမ်းသွားမယ်လို့ အစည်းအဝေးကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

“အခု မြန်မာနိုင်ငံမှာလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ သဘောတူထားကြတာကိုး။ အဲလို သဘောတူထားကြတဲ့အတိုင်းပဲ တကယ်ကိုထည့်သွင်းပေးဖို့ရယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တကယ့်အရေးကြီးတဲ့ အဖွဲ့အစည်းကြီးတွေမှာ အမျိုးသမီးလုံးဝ မပါတာရှိတယ်။ တဦးတည်းပဲပါတာရှိတယ်။ ဥပမာ UPDJC မှာဆိုရင် တဦးပဲပါတယ်။ JMC မှာအမျိုးသမီး တဦးမှမပါဘူး။ မကြာခင်ဖွဲ့တွေပဲ အပစ်ခတ်ရပ်စဲရေးစောင့်ကြည့် ကော်မီတီတွေမှာလည်း သတ်မှတ်ထားတဲ့ အမျိုးသမီးရေး အတွက် ပါဝင်သွားနိုင်ဖို့အတွက် တိတိကျကျတောင်းဆို ထားတယ်။”

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ တ၀က်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်ခွင့်မရရင် တိုင်းပြည်အတွက် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့လည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၀ ရခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်။ နောက်ပြီး မငြိမ်းချမ်းတဲ့ဖြစ်စဉ်တွေမှာ ထိခိုက်ခံစားမှုအများဆုံး အမျိုးသမီးတွေဖြစ်တယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသားတွေပဲ ဆောင်ရွက်လို့မရသလို အမျိုးသမီးတွေပဲ ဆောင်ရွက်လို့ မရဘူး။ ဒါပေမယ့် လက်ရှိ အနေအထားမှာတော့ အမျိုးသားတွေက ဦးဆောင်မှုများနေတယ်။ အဲဒီ နေရာမှာ အမျိုးသမီးတွေ ပါဝင်မှသာ ဆောင်ရွက်လို့ ရနိုင်မယ့် အနေအထားဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အရမ်းပဲ အရေးကြီးတယ်လို့ ကျမတို့က ပြောချင်ပါတယ်။”

ဒီလို ပြည်တွင်းပြည်ပအမျိုးသမီးတွေအားလုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ငြိမ်း ဖောင်ဒေးရှင်းက ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

အဓိက ဒီလိုတွေ့ဆုံနိုင်အောင်စီစဉ်ရတာနဲ့ ပတ်သက်လို့ ငြိမ်းဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဒေါ်ဂျာနန်က “လက်ရှိလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု အခန်းကဏ္ဍက နည်းနေသေးတယ်ဆိုတာတွေ့ရတယ်။ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရ မယ်ဆိုတဲ့အချက် အန်စီအေမှာပါတယ်။ ဒါပေမယ့်လက်တွေ့မှာ မဖြစ်လာသေးဘူး။ အဲဒီ ကိစ္စကို ဆွေးနွေးဖို့ရည်ရွယ်တယ်။ နောက်အမျိုးသမီးတွေ အချင်းချင်းလည်း တွေ့ဆုံခြင်း အားဖြင့် ပိုပြီးတော့ အားကောင်းမယ့်အင်အားစုတခုအနေနဲ့ အမျိုးသမီးတွေငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာဖို့၊ အမျိုးသမီးကိစ္စတွေအတွက် အကာကွယ်ပေးမှုကိစ္စတွေကို ၀ိုင်းပြီး ဆွေးနွေးနိုင်ဖို့ ဒီအစည်းအဝေးကို လုပ်ရခြင်းဖြစ်ပါ တယ်။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇မှ ၂၉ ရက်ထိကျင်းပကတဲ့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ဒေသတွင်း မဟာဗျူးဟာဆွေးနွေးပွဲမှာ  ပြည်တွင်းပြည်ပက အမျိုးသမီးအဖွဲ့ပေါင်း ၁၇ ဖွဲ့ ပါဝင်ဆွေးနွေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၄ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013