DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ကျေရွာအချို့ သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့
DVB
·
February 28, 2016
ဧရာဝတီတိုင်း ကျေရွာအချို့ သောက်သုံးရေရှားပါးမှု စတင်ကြုံတွေ့
1 / 11
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ငပုတော နဲ့ သာပေါင်းမြို့နယ်တွေက ကျေးရွာအချို့မှာ သောက်သုံးရေရှားပါးမှုတွေနဲ့ စတင်ကြုံတွေ့နေပါတယ်။

လပွတ္တာမြို့နယ်ဝန်းကျင်းမှာတော့ ကျေးရွာ ၇၀ လောက်ဟာ နှစ်စဉ် ရေရှားမှုနဲ့ ကြုံတွေ့နေရပြီး လက်ရှိအချိန်မှာ သောက်ရေ၊ သုံးရေ ရှားပါးတာတွေနဲ့ စတင်ကြုံတွေ့နေရပြီလို့ လပွတ္တာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက လှူဒါန်းထားတဲ့ သောက်သုံးရေကန်တွေရှိနေသေးလို့ ဆိုးဆိုးဝါးဝါး ရေရှားပါးတာမျိုး မရှိသေးပေမယ့် နောက်လလောက်ဆို ရေလုံးဝပြတ်လပ်တာတွေနဲ့ကြုံတွေ့ လာနိုင်တယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့နယ် ကပ်သပေါင်း အုပ်စုက ဒေသခံတဦးကလည်း လက်ရှိအချိန်မှာ သူတို့အသုံးပြုနေတဲ့ ရေကန်တွေအနေနဲ့ သောက်သုံးရေအဖြစ် အသုံးမပြုနိုင်တော့ပဲ ချိုးရေအတွက်သာ ရရှိတော့တာကြောင့် သောက်သုံးရေကို ဝယ်ယူအသုံးပြုနေရတယ်လို့ ပြောပါတယ်။

ငပုတောမြို့နယ်မှာတော့ ရေရှားပါးမှုဖြစ်နေတဲ့ ကျေးရွာ သုံးရွာလောက်ရှိပြီး ရေကန်တွေမှာ ရေက ၂ ပေလောက်သာ ရှိတော့ကြောင်း ဆက်သွယ်လာတာကြောင့် သွားရောက်ကူညီပေးဖို့ လုပ်နေတယ်လို့ ငပုတောမဲ ဆန္ဒနယ်အမှတ် ( ၂) က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောပါတယ်။

ဒါ့အပြင် အဲဒီရွာတွေမှာ သောက်သုံးရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေကြတယ်လို့ ကြားရကြောင်း ပြောပါတယ်။

သာပေါင်းမြို့နယ်မှာတော့ ကျေးရွာသုံးရွာလောက်ဟာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့ နေရပါတယ်။

တိုင်းအစိုးရအဖွဲ့အနေနဲ့ကတော့ ကျေးလက်ဦးစီးဌာနနဲ့ပူးပေါင်းပြီး ရေရှားပါးတဲ့ဒေသတွေမှာ မြေအောက်ရေ လိုက်လံ တူးဖော်ပေးနေတယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရေပြတ်လပ်တဲ့ဒေသတွေမှာ ရေသွားရောက်လှူဒါန်းသူတွေရှိနေပြီး ရေမပြတ်လပ်အောင် ထိန်းထားနိုင်သေးတာကြောင့် ဆိုးဆိုးဝါးဝါးရေပြတ်လပ်မှုနဲ့ပတ်သက်ပြီး လာရောက်အကြောင်းကြား ဆက်သွယ်တာတွေတော့ မရှိသေးဘူးလို့ ဒေါ်ခင်စောမူက ဒီဗွီဘီကို ပြောပါတယ်။

သတင်းဓာတ်ပုံ - သော်ဇင်မျိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013