DVB Logo
Home
မြန်မာသတင်း
ပူးပေါင်းလုပ်ဆောင်ရန် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို မြန်မာနိုင်ငံကြက်ခြေနီ ဖိတ်ခေါ်
DVB
·
February 28, 2016
ပူးပေါင်းလုပ်ဆောင်ရန် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို မြန်မာနိုင်ငံကြက်ခြေနီ ဖိတ်ခေါ်
Donate to DVB

လူမှုကရုဏာလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ပြည်တွင်းက အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။

တခြားဆက်စပ်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းအတူ လုပ်ကိုင်ဖို့ ပထမဆုံး ဖိတ်ခေါ်လိုက်တာပါ။

ဒါဟာ ကြက်ခြေနီအသင်း ဥပဒေအရဖြစ်ပြီး ဗဟိုကော်မတီမှာလည်း အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

“အရင်ဖွဲ့စည်းပုံမှာက အစိုးရဝန်ထမ်းတွေပါတယ်။ မြို့နယ်ဆရာဝန်ဆိုရင် ဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူးက ဒု ဥက္ကဋ္ဌ။ ဝန်ထမ်းဆိုတော့ အပြောင်းအရွှေ့ ရှိတယ်။ အဲဒီအချိန်ဆိုရင် ကြက်ခြေနီလုပ်ငန်း လုပ်ရတာ ခက်ပါတယ်” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၅ မှာ ပြဋ္ဌာန်းလိုက်တဲ့ ကြက်ခြေနီအသင်း ဥပဒေအရ ဗဟိုကော်မတီမှာ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၁၀ ယောက်လောက်အထိ ပါလာမှာပါ။ ဒီနေ့အထိ အဖွဲ့ ၂၄ ဖွဲ့က အဆိုပြုထားကြတယ်လို့လည်း ဒေါက်တာ သာလှရွှေက ပြောပါတယ်။

အဆိုပြုတာကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာလည်း ဖြစ်ပါတယ်။

ကြက်ခြေနီအသင်းအနေနဲ့ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ ပြီးခဲ့တဲ့နှစ်က ရေဘေးသင့်ဒေသတွေမှာ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

“ခုလို ပူးပေါင်းလုပ်ဖို့အတွက် ကြက်ခြေနီအသင်းနဲ့ ဆောင်ရွက်ပုံတူတဲ့ အဖွဲ့တော့ ဖြစ်ဖို့ လိုတာပေါ့။ အပြန်အလှန် ထောက်ပံ့မှုတွေနဲ့ လုပ်နိုင်မှာ ဖြစ်လို့ နှစ်ဘက်လုံးမှာ အလုပ်တွေ ပိုလုပ်နိုင်တော့ မှာပေါ့” လို့လည်း ဒေါက်တာ သာလှရွှေက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၇ ခုနှစ်မှာ စဖွဲ့ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းဝင် သိန်းချီ ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013