
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စတားလင့်ခ် အင်တာနက်ဆိုင် ဖွင့်လှစ်ချင်သူတွေအနေနဲ့ အာရက္ခအစိုးရနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်နိုင်တယ်လို့ နည်းပညာဌာနက ထုတ်ပြန်ထားပါတယ်။
အခုလို အာရက္ခအစိုးရနဲ့ ပူးပေါင်းပြီး အင်တာနက်ဆိုင်ကို တရားဝင် ဖွင့်လှစ်ရတာဟာ ဝိသမလောဘသမားတွေရဲ့ အင်တာနက် အခကြေးငွေ အလွန်အကျွံ တောင်းခံနေမှုကို လျှော့ချဖို့နဲ့ အင်တာနက် သုံးစွဲမှုကို မထိန်းချုပ်နိုင်တာကြောင့်ဖြစ်လာမဲ့ သတင်းပေါက်ကြားမှုတွေကိုလျော့နည်း စေဖို့ ဖြစ်တယ်လို့ နည်းပညာဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
"တချို့ ငွေကြေးတတ်နိုင်တဲ့သူတွေက အိမ်မှာ စတားလင့်ခ် တပ်ကြတယ်။ ပြီးတော့ တချို့နေရာ တွေမှာ အင်တာနက် သုံးစွဲခွင့် အခကြေးငွေတွေကို ပုံမှန်ထက် ပိုပြီးတော့ တောင်းတာတွေ ရှိနေတယ်။ နောက်ပြီး လူအမျိုးမျိုး လာသုံးကြတဲ့အခါကျတော့ သတင်းပေါက်ကြားမှုတွေလည်း ရှိလာတယ်။ ဒါတွေကို လျှော့ချနိုင်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းကြဖို့ ဖိတ်ခေါ်တာပါ။”
ဒေသခံတွေအနေနဲ့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် စီးပွားရေးနဲ့ သတင်းအချက်အလက် သိရှိမှုအပိုင်းမှာ ပိုပြီးတော့ အားကောင်းလာနိုင်တယ်လို့ မြောက်ဦးဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ် စည်းကမ်းတခုခု ထုတ်ပြန် သတ်မှတ်လိုက်တာက ကောင်းပါတယ်။ အစိုးရဆီက တရားဝင် ခွင့်ပြုချက်နဲ့ လုပ်မယ်ဆိုရင် နစ်နာမှုတော့ မရှိဘူးပေါ့။ ပြည်သူတွေလည်း အင်တာနက် သုံးစွဲခ ပေးရတာ သက်သာသွားမယ်၊ မြို့တိုင်း နေရာတိုင်းမှာ သုံးခွင့်ရလာမယ်ဆိုတော့ သတင်း တွေလည်း နားထောင်လို့ ရတာပေါ့။ အရင်ကထက်စာရင် ဝေးလံတဲ့ဒေသ ရောက်နေတဲ့ မိသားစု တွေနဲ့လည်း အလွယ်တကူ ဆက်သွယ်လို့ ရသွားတာပေါ့။”
ပြည်သူတွေအနေနဲ့ စီးပွားဖြစ် အများပြည်သူသုံး စတားလင့်ခ်အင်တာနက်စင်တာ (Public Internet Access Center - PIAC) တွေ ဖွင့်ချင်တယ်ဆိုရင် နည်းပညာဌာနကို ဆက်သွယ်ပြီး လိုင်စင် လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားလာရင်တော့ ဌာနကနေ ပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုင်စင် ထုတ်ပေး သွားမယ်လို့ နည်းပညာဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီးပွားဖြစ် အင်တာနက်ဆိုင် ဖွင့်ချင်သူတွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ပူးပေါင်းပြီး တရားဝင် ဖွင့်လှစ်နိုင်မှာ ဖြစ်သလို၊ အင်တာနက်ဆိုင်ကနေ ရလာမဲ့ အမြတ်ငွေတွေ ကိုလည်း အစိုးရနဲ့ ပုဂ္ဂလိကကြားထဲမှာ (၃၀ - ၇၀) ရာခိုင်နှုန်း ပုံစံမျိုးနဲ့ ခွဲဝေသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အင်တာနက်ဆိုင် လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဝန်ထမ်းပိုင်းဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာအခြေခံတွေကိုလည်း နည်းပညာဌာနဘက်ကနေ အလုံးစုံ လေ့ကျင့် သင်ကြား ပေးသွားမယ်လို့ သိရပါတယ်။










