DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း ၁၆၀ ခန့် အရည်အချင်းပျက်ယွင်းဟု ကော်မရှင်ကြေညာ
DVB
·
February 26, 2016
ကိုယ်စားလှယ်လောင်း ၁၆၀ ခန့် အရည်အချင်းပျက်ယွင်းဟု ကော်မရှင်ကြေညာ
Donate to DVB

ရွေးကောက်ပွဲကုန်ကျစရိတ်များကို သတ်မှတ်ရက်အတွင်း မတင်သွင်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၀ ခန့်ကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ် လောင်းများကို ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်း ၁၆၀ ခန့်နဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ၂၄ဦးတို့ကိုပါ အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးညွန့်တင်က ဒီနေ့ပဲ အစည်းအဝေးလုပ်ပြီး ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။

“ခုံရုံးအဖွဲ့တွေ ဖွဲ့ပေးထားပြီး အဲ့ဒီအဖွဲ့တွေက ပြန်တင်ပြတယ်။ ဘယ်သူကတော့ ပျက်ယွင်း တယ်။ ဘယ်သူကတော့ ကင်းလွတ်ခွင့်ပြုတယ်ပေါ့လေ။ ဒါကို ဒီနေ့ စည်းဝေးပွဲမှာတင်ပြီး အတည်ပြုတာပေါ့။ တကယ်ပြန်ချုပ်ကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်လောင်းက ၁၅၉ ဦး၊ ရွေးကောက်ပွဲကိုယ်စားလှယ် ၂၄ဦး၊အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခဲ့တာ။”

ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းလို့ စစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စုစုပေါင်း ၂၀၇ ယောက်ထဲက ၁၈၃ ဦးကို အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခုံရုံးဖွဲ့စစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ် ၂၀၇ ယောက်စာရင်းမှာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ၃၇ ယောက်နဲ့ အရေအတွက် အများဆုံးပါဝင်ခဲ့ပြီး သူ့နောက်မှာ အမျိုးသား တိုးတက်ရေးပါတီက ၂၇ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

အခု အရည်အချင်းပျက်ယွင်းကြောင်း ကြေညာလိုက်တဲ့ ပုဂ္ဂိုလ် ၁၈၃ ဦးမှာ ဘယ်ပါတီက အများဆုံး ပါဝင်လဲဆိုတာတော့ ကော်မရှင်က မစိစစ်ရသေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းများဟာ ရွေးကောက်ပွဲအနိုင်ရ အမည်စာရင်း ကြေညာတဲ့နေ့ကစပြီး တလအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်း ကြရမှာဖြစ်ပါတယ်။

အခု အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်းများနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များဟာ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ ကော်မရှင်ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013