DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေ
DVB
·
February 25, 2016
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေ
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အရေးယူမခံရဘဲ လုံးဝနီးပါး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ယူကေအခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး အရေးယူခံရတာ မရှိသလောက်ဖြစ်နေတယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ ဖြစ်ရပ်တွေ ရှားပါးပြီး စုံစမ်းစစ်ဆေးရာမှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မိသားစုတွေအတွက် တရားမျှတမှု ဆုံးရှုံးနေတယ်လို့  စစ်တပ်ရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ကိုပါကြီးအမှုကို နမူနာပြပြီး ပြောပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေအိမ်နဲ့ လယ်ယာတွေ အဓမ္မဖယ်ရှားခံရတာ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ ရှိခဲ့ပြီး ကျူးလွန်တဲ့ကုမ္ပဏီ တခုမှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူခံရတာ မရှိသေးဘူးလို့ ထောက်ပြဝေဖန်ပါတယ်။

အေအိုင်အဖွဲ့ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ယာယီညွှန်ကြားရေးမှူး ချမ်ပါပတယ်က "မြန်မာနိုင်ငံမှာ နိုဝင်ဘာရွေးကောက်ပွဲဟာ ၀မ်းသာစရာကောင်းပေမယ့် အောက်ခြေမှာ အခြေအနေတွေကတော့ အရမ်းကို စိုးရိမ်စရာ ပြဿ နာတွေ ရှိနေတုန်းပဲဖြစ်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်မှုတွေ ဆက်ရှိပြီး ယုံကြည်ချက် အကျဉ်းသား ၁၀၀ လောက် ထောင်ကျခံနေရတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာတွေအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေ ထပ်ရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ ပဋိပက္ခ ဖြစ်နေချိန်မှာ နှစ်ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက  လျော့ကျသွားမယ့် အရိပ်လက္ခဏာ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

ဒါပေမယ့် ဒီနှစ်မှာ တာဝန်ယူတော့မယ့် အစိုးရသစ်က လူ့အခွင့်အရေးကို ဦးစားပေး လုပ်မယ်လို့ ကတိပေးထားတာဟာ အားတက်စရာဖြစ်တယ်လို့ အေအိုင်အရာရှိက ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းမှာ ကုလသမဂ္ဂ စာရင်းတွေအရ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၂၃၀၀၀၀ ရှိနေပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၁၁၀၀၀၀ ရဲ့ ဘ၀ရှေ့ရေးဟာလည်း မရေမရာ ဖြစ်နေတယ်လို့ အေအိုင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013