DVB Logo
Home
မြန်မာသတင်း
အာဏာမလွှဲပြောင်းမီ အစိုးရဆောင်ရွက်မှုများကိုစိစစ်ရေး အရေးကြီးအဆိုကို ဆွေးနွေးရန်ဆုံးဖြတ်
DVB
·
February 25, 2016
အာဏာမလွှဲပြောင်းမီ အစိုးရဆောင်ရွက်မှုများကိုစိစစ်ရေး အရေးကြီးအဆိုကို ဆွေးနွေးရန်ဆုံးဖြတ်
Donate to DVB

သမ္မတဦးသိန်းစိန်အစိုးရက အာဏာလွှဲပြောင်းကာနီးမှာ တက်သုတ်ရိုက် ဆောင်ရွက်ချက်တွေအပေါ် အသေးစိတ်စိစစ်ဟန့်တားဖို့ အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်း ရောင်းချလွှဲပြောင်း၊ ပုဂ္ဂလိကပိုင်ပြု လုပ်မှု၊ စီမံကိန်းများကိုနေရာတကျမစီမံပဲ အဆော်တလျင်ခွင့် ပြုနေမှု၊ ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကြောင်း တည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”အရေးကြီး အဆိုကို တင်သွင်းခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့မနက်ပိုင်းကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အရေးကြီးအဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းပြီး အတည်ပြုခဲ့ပါတယ်။ ဒီနောက် ဒုတိယမြောက်အရေးကြီးအဆိုတရပ်ကို ထပ်မံတင်ပြီး ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မနက်ဖြန် ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့အရေးကြီး အဆိုနဲ့ပတ်သက်လို့ နားလည်မှုလွဲမှားနိုင်တယ်လို့ အခုလို တုံ့ပြန်ပါတယ်။

“နံပါတ် ၁ ဒီအချိန်ကာလသည် အထိခိုက်မခံတဲ့ ထရန်စစ်ရှင်ကာလ ဖြစ်နေတယ်။ ဒီအချိန်မှာ နှစ်ဦးနှစ်ဘက် နားလည်မှုပေါ့နော်။ အဓိကက ကျနော်တို့ တစိုက်မတ်မတ် ပြောနေတဲ့ နားလည်မှုအရေးကြီးပါတယ်။ အဲဒီနားလည်မှုတွေ လွဲမှားသွားမယ်ဆိုရင် နောက်ထပ်မကောင်းဘူးပေါ့ အဲလိုအနေအထားမျိုးတွေဖြစ်လာနိုင်တဲ့အတွက် ဒီဟာတွေက ဒီဘက်ကဟာတွေကို ဘယ်လိုဘယ်လိုလဲဆိုတာ ဦးစွာ နည်းလမ်းအမျိုးမျိုးနဲ့ စုံစမ်းလို့ ရပါတယ်။ အဲလိုမျိုးလုပ်ရမယ့်အပိုင်းပေါ့နော် ကုန်စင်အောင်လုပ်ပြီးပြီလားဆိုတာ သံသယ ရှိတယ်။ နောက်ပြီးတော့ အကျိုးစီးပွားနဲ့ဆိုင်တဲ့ စီမံကိန်းတွေတားမြစ်တာမျိုးတွေ ပါလာတဲ့ အခါကျတော့ စဉ်းစားစရာဖြစ်လာတယ်လေ။ ဒီအရေးကြီးအဆိုရဲ့နောက်ကွယ်က ဖုံးကွယ် ထားတဲ့ အစီအစဉ်တွေ၊ ဖုံးကွယ်ထားတဲ့ အကျိုးစီးပွားတွေ ဒါတွေကိုလည်း ကျနော်တို့က ထည့်ပြီးတော့အခု သုံးသပ်နေတယ်ပေါ့နော်။” လို့ ပြောပါတယ်။

ဒီပြည်သူ့လွှတ်တော်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရ သူတွေနဲ့ဖွဲ့စည်းထားပြီး အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေး၊ ဒုသမ္မတအဆိုပြုရေးအတွက် မတ်လ ၁၇ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးပြီးတဲ့နောက် မဲခွဲရာမှာ ထောက်ခံဆန္ဒမဲ (၂၇၈)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၁၃၂)မဲ၊ ကြားနေဆန္ဒမဲ (၃)နဲ့ တို့ရရှိခဲ့ပြီး ထောက်ခံမဲအရေအတွက် သုံးပုံတပုံကျော်တဲ့အတွက် အဆိုကို ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မနက်ပိုင်းက မူးယစ်ဆေးဝါးဆိုင်ရာ အရေးကြီးအဆိုအတွက် အစိုးရဘက်ကို ရှင်းလင်းဖို့ ဖိတ်ကြားပေမယ့် လာရောက်ရှင်းလင်းတာမရှိပါဘူး။

အစိုးရဘက်က လွှတ်တော်ကို လာရောက်ရှင်းလင်းခြင်း၊ မရှင်းလင်းခြင်းနဲ့ပတ်သက်လို့ တော့ ဥပဒေကြောင်းအရ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောကြားပြီး ပြီးပြတ်တဲ့အခါ သတင်းမီဒီယာတွေကနေ ထုတ်ပြောမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013