မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
DVB
·
February 25, 2016

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ‘မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု ပါဝင်လာမှုပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆို’ကို ဒီကနေ့ ကိုယ်စားလှယ် ၂၃ ဦးက စတင်ဆွေးနွေးပါတယ်။
အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး တင်သွင်းခဲ့တာဖြစ်ပါတယ်။ လူတစ်ထောင်ကျော်ပါဝင်တဲ့ ကချင်လူထု အခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျဆန်) အဖွဲ့က ကချင်ပြည်နယ်တွင်းမှာ ဘိန်းခင်းတွင် ဖျက်စီးရာမှာ ဘိန်းခင်းရှင်တွေရဲ့နှောင့်ယှက်ခံရမှု၊ တပ်ဘက်က တားမြစ်မှု တွေကြုံနေရချိန်မှာ အဖွဲ့ခေါင်းဆောင်က နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို သွားရောက်တင်ပြခဲ့တဲ့အတွက် အရေးကြီးအဆို တင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တဦးကို ၆ မိနစ်ကြာ ဆွေးနွေးခွင့်ပြုထားပါတယ်။