
ကချင်ပြည်နယ် ဖားကန့်ဒေသက ရေမဆေးကျောက်ရှာဖွေသူတွေရဲ့ဘ၀ပုံရိပ်တွေကို ရိုက်ထားတဲ့ မြန်မာဓာတ်ပုံဆရာ ကိုမင်းဇေယျာဦးရဲ့ ဓာတ်ပုံတွေကို DAYS JAPAN မဂ္ဂဇင်းက ၂၀၁၆ နိုင်ငံတကာဓာတ်ပုံဆုအဖြစ် ရွေးချယ်လိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာကမ်းဒေသက ပါလက်စတိုင်း ပဋိပက္ခဘေးဒုက္ခသည်တွေအကြောင်း ရိုက်ထားတဲ့ Sipa Press သတင်းဌာနက ဓာတ်ပုံဆရာ ဟိန္ဒီလီဗိုင်းနဲ့ အတူ ဒုတိယဆုပူးတွဲ ရရှိခဲ့တာပါ။
ပထမဆုကိုတော့ ရိုက်တာ သတင်းဌာနက ဓာတ်ပုံဆရာ ယန်နစ်ဘယ်ရာက်စ်က ဘ၀သစ်ရှာဖို့ ဥရောပကို ပင်လယ်ဖြတ်ပြီးဝင်လာကြတဲ့ လှေစီးဒုက္ခသည်တွေအကြောင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ရသွားပါတယ်။
လူသားနဲ့ သဘာဝရဲ့ ဂုဏ်သိက္ခာကို ကာကွယ်အားပေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတ၀န်းက ဓာတ်ပုံဆရာတွေကို ဂျပန်မဂ္ဂဇင်းက ဖိတ်ခေါ်ပြိုင်ပွဲစေခဲ့တာပါ။ ပထမဆုကို ဆုဖလားနဲ့ ငွေသား ဂျပန်ယန်းငွေ ၁သန်း၊ ဒစ်ဂျစ်တယ် ကင်မရာနဲ့ မှန်ဘီလူးတွေ ချီးမြှင့်မှာဖြစ်ပြီး ဒုတိယဆုကိုတော့ ယန်းငွေ ၃ သိန်း၊ ဒစ်ဂျစ်တယ် ကင်မရာနဲ့ မှန်ဘီလူးတွေပေးအပ်မှာ ဖြစ်ပါတယ်။










