
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က ၁၆ နာရီအတွင်း ၁၂ ပေ မြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
အဲဒီလို မြစ်ရေ ရုတ်တရက် မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့အောက်ဘက်မှာရှိတဲ့ ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာလည်း ရေတက်ဖို့ ရှိတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
နောက်တရက်မှ သုံးရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် ၇ ပေမှ ၈ ပေခန့်၊ နောက်သုံးရက်မှ ငါးရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၅ ပေမှ ၆ ပေခန့်နှင့် နောက် ခြောက်ရက်မှ ဆယ့်တရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄ ပေမှ ၅ ပေခန့် လက်ရှိ ရေမှတ်များထက် မြင့်တက်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း မလိခမြစ်အထက်ပိုင်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် ပြင်ပဒေသမှာ မိုးရေချိန် တလက်မကျော် ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေ ရုတ်တရက်ကြီးခဲ့တာလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
ဒီရေကြီးမှုဟာ လျှပ်တပြက် ရေကြီးမှုအမျိုးအစား ဖြစ်တဲ့အပြင် နယ်စပ်ကျော်ဖြတ်ရေကြီးမှု (Transboundary Flood) အမျိုးအစားဖြစ်တယ်လို့ မိုးလေ၀သပညာရှင်က ဆိုပါတယ်။











