DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ၅ နှစ်အတွင်း လျှင်မြန်စွာ တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
DVB
·
February 23, 2016
မြန်မာ့စီးပွားရေး ၅ နှစ်အတွင်း လျှင်မြန်စွာ တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
Donate to DVB

လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံဟာ တနှစ်လျှင် ပုံမှန် စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်ကျင်နဲ့ လျှင်မြန်စွာ တိုးတက်မယ့် အလားအလာတွေ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒရေးရာ အကြံပြုချက်စာတမ်းမှာ ဖော်ပြထားတာဖြစ်ပြီး မူဝါဒတွေ မှန်မှန်ကန်ကန် ချမှတ် ဆောင်ရွက်မယ်ဆိုရင် တိုးတက်နေတဲ့ စီးပွားရေးအခြေအနေဟာ မြန်မာပြည်သူတွေကို အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်ပြီး ၀င်ငွေတိုးစေနိုင်မယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု-ဥက္ကဋ္ဌ အက်ဇဲလ် ဗန်ထရော့စင်းဘော့ဂ်နဲ့ အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အကြီးအကဲနဲ့ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံပြီးနောက် ခုလို အကြံပြုချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ လူတိုင်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကမ္ဘာ့ဘဏ်အနေနဲ့ ဆက်လက်ကူညီပေးသွားမယ်လို့ ကမ္ဘာ့ဘဏ် ဒု-ဥက္ကဋ္ဌ ဗန်ထရော့စင်းဘာ့ဂ်က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အခုဆိုရင် နေရာဒေသ အနှံ့အပြားရှိ တိုင်းရင်းသားလူမျိုးစုပေါင်းစုံနဲ့ ၀င်ငွေ အနည်းအများ ကွဲပြားမှုအမျိုးမျိုးရှိတဲ့ ပြည်သူတွေ အများအပြားအတွက် အကျိုးရှိစေမယ့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေဆီ တက်လှမ်းဖို့ အခွင့်အရေး ရှိနေပါပြီ။ ကမ္ဘာ့ဘဏ်အနေနဲ့ အစွန်းရောက်တဲ့ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ပြီး အားလုံးမျှဝေပိုင်ဆိုင်တဲ့ သာယာဝပြောမှုတွေ ရရှိအောင် စွမ်းဆောင်ပေးမယ့် ရေရှည်နည်းလမ်းတွေကို မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေထံ ဆက်လက် ကူညီပံ့ပိုးသွားမယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၁၂ ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တနှစ် ပျမ်းမျှ ၇ ရာခိုင်နှုန်းလောက်ရှိခဲ့ပြီး ဒါဟာ အရှေ့အာရှဒေသမှာ အမြန်ဆုံးစာရင်းဝင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်ရေး၊ ကျေးလက်ဆင်းရဲမှုလျှော့ချပြီး လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေးနဲ့ အစိုးရ အုပ်ချုပ်ရေးယန္တရား စွမ်းရည်မြှင့်တင်ရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာလည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ အီးယူ၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေက သံတမန်တွေပါဝင်တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းကော်မတီနဲ့  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013