
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံ၊ ချီဖွေလမ်းဆုံမှာ တပတ်ကျော်ကြာ တားဆီးခံနေရတဲ့ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan ဟာ သူတို့ကြေညာခဲ့တဲ့ အချိန်အတိုင်း ဒီကနေ့ ၂ နာရီမှာ စတင်ထွက်ခွာပါတယ်။
ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan အဖွဲ့ဟာ စတုန်း- ကန်ပိုင်တီဒေက စိုက်ပျိုးထားတဲ့ဘိန်းခင်းတွေကို သွားရောက်ဖျက်စီးဖို့အသွားမှာ ဒီလ ၁၆ ရက်နေ့ကတည်းက ဆဒုံ၊ ချီဖွေလမ်းဆုံမှာ တပ်က တားဆီးတာ ခံနေကြရတာဖြစ်ပါတယ်။
မထွက်ခွာမီ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ဒေသက လူထုသောင်းချီ လာရောက်စုဝေးပြီး ဆုတောင်း ပွဲတွေ ပြုလုပ်ခဲ့ပြီး လူအင်အားများတဲ့အတွက် သူတို့ကို တားဆီးထားတဲ့ အစိုးရတပ်က ဖယ်ရှားပေးလိုက်တယ်လို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ ဦးယင်းကျန်က ပြောပါတယ်။
“အခု ထွက်ခွာလို့ရပါပြီ။ ဒီမှာကျနော်တို့ ပြည်သူ နှစ်သောင်းကျော်နဲ့ လာရောက်ပြီးတော့ ဆုတောင်းပွဲနဲ့ အရှေ့မှာက ထိရင်အသေခံမယ့် ဘုန်းကြီးတွေ အရင်ထွက်ပြီးတော့ ဆုတောင်းပြီး တာ့ ကျနော်တို့ ထွက်ခွာနေပါပြီ။ လူတွေသိပ်များတော့ စစ်တပ်ကလည်း ရှောင်သွားလိုက်ပါ တယ်။ ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။”
အခုထွက်ခွာနေတဲ့ ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan က လူအင်အား ၃၀၀၀ လောက်ထွက်နေပြီး သူတို့အတွက် လုံခြုံရေးအနေနဲ့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က အင်အား ၄၀ လောက်ပါဝင်ပြီး လုံခြုံရေးယူပေးထားတယ်လို့လည်း ဦးယန်းကျန်က ပြောပါတယ်။
အဲဒီနေရာကနေ ထွက်ခွာခွင့်ရဖို့ အစိုးရတပ်အရာရှိတွေ အာဏာပိုင်တွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်း ခဲ့ပြီး ထွက်ခွာခွင့်မရတဲ့အတွက် ဒီကနေ့ညနေ ၂ နာရီမှာ တားဆီးမှုကြားက ဆက်လက်ထွက်ခွာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့လူအင်အားအလုံးအရင်းနဲ့ ထွက်ခွာနေတဲ့အတွက် အစိုးရတပ်ကလည်း ဖယ်ရှားပေးခဲ့သလို ပြည်နယ်ရဲတပ်ဖွဲ့၊ မီးတပ်အဖွဲ့ကလည်း လုံခြုံရေးအနေနဲ့ လိုက်ပါသွား တယ်လို့လည်း ပြောပါတယ်။
Pat Jasan အဖွဲ့ဟာ ကချင်ပြည်နယ်တွင်း ဆယ်စုနှစ်နဲ့ချီပြီး မူးယစ်ဆေးဝါးကြောင့် လူမှုဘ၀တွေပျက်စီးခဲ့ရတာကြောင့် အရပ်သားတွေ စုစည်းပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး ဘိန်းခင်းတွေ လိုက်လံဖျက်ဆီးနေတာဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင်တွေဟာလည်း ကချင်ပြည်နယ်ဘိန်းတိုက်ဖျက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ရေး လွှတ်တော်မှာ အရေးကြီးအဆိုတရပ် တင်ပြနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ပြစည်းရုံးနေပါတယ်။
ရုပ်သံ - Htoi Awng










