
နယ်လုံဝန်ကြီးကနေ အနားပေးခံရတဲ့ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် နဲ့ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ တို့ကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်ပြီး ငွေကြေးရှာဖွေတာတွေ၊ စစ်ရေးပဋိပက္ခတွေ ဖြေရှင်းနိုင်ခြင်း မရှိတာတွေကြောင့် နယ်လုံဝန်ကြီးတာဝန်ကရော၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ ရပ်နားခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဗိုလ်မှူးကြီး မင်းသူကျော်က ကျားဖြန့်ကိစွနဲ့ စစ်ဆေးခံရတာ။ ဗိုလ်မှူးကြီး ခန့်မွန်ဆွေက ဧရာဝတီမှာဖြစ်နေတဲ့ AA ထိုးစစ်ကိစွ နဲ့ ငွေကြေးကိစွတွေရယ်ကြောင့် စစ်ဆေးခံရတာ။”
ဒီလိုစစ်ဆေးခံနေရတာကြောင့် မတ် ၁၅ ရက်မှာ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နေရာမှာ ဗိုလ်မှူးကြီး စိုးမိုးဝင်းကို အစားထိုးခန့်ထားခဲ့သလို ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ နေရာမှာ ဗိုလ်မှူးကြီး စိုးမင်းဦးကို စစ်ကောင်စီက ပြောင်းလဲခန့်ထားခဲ့ပါတယ်။
ဗိုလ်မှူးကြီး ခန့်မွန်ဆွေမှာ နယ်လုံဝန်ကြီးဖြစ်ပြီးနောက် လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ ငွေကြေးရယူ စီးပွားရှာတာတွေကြောင့် တိုင်ကြားမှုတွေ ဖြစ်လာပြီးနောက် အရေးယူခံရတာလို့ ပုသိမ်မြိုခံတယောက်က DVB ကို ပြောပါတယ်။
“နယ်လုံဝန်ကြီးက စစ်ရေးစိတ်မဝင်စားဘူး ငွေရဖို့ပဲသိတယ်။ ရောက်တာတောင် တနှစ်မပြည့်သေးဘူး။ ဧရာဝတီတိုင်းမှာ သူ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းတွေအများကြီးပဲ။ တပ်ရင်းတွေက တိုင်လို့ စစ်ဆေးခံရတာ။”
ဒီလို ပြသာနာတွေကြောင့် မတ် ၁၆ ရက်မှာ အသစ်တက်လာတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း နဲ့ ဗိုလ်မှူးကြီး စိုးမင်းဦးကို ကရင်နဲ့ဧရာဝတီ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်မှူးကြီး မင်းသူကျော်နဲ့ ဗိုလ်မှူးကြီး ခန့်မွန်ဆွေတိုကို ကိုယ်စားလှယ်အဖြစ်ကပါ ရုပ်သိမ်းခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီ တိုင်းဒေသကြီးအတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခဲ့တဲ့ ၂၂၀ ထဲမှာ ဗိုလ်မှူးကြီး မင်းသူကျော် နဲ့ ဗိုလ်မှူးကြီး ခန့်မွန်ဆွေတို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ၂၀၂၃ ခု မတ်လမှာ ဗိုလ်မှူးကြီး မင်းသူကျော်ကို ကရင်ပြည်နယ်နယ်လုံဝန်ကြီးအဖြစ် ခန့်ထားခဲ့ပြီး ၂၀၂၅ ခု သြဂုတ်လမှာ ဗိုလ်မှူးကြီး ခန့်မွန်ဆွေကို ဧရာဂတီတိုင်းနယ်လုံဝန်ကြီးအဖြစ် ခန့်ခဲ့တာဖြစ်ပါတယ်။











