
စတုတ္ထတန်းနဲ့ အဌမတန်း မေးခွန်းလွှာတွေ အချိန်မတိုင်မီ ပေါက်ကြားမှုနဲ့ ချောက်မြို့နယ်က ကျောင်းအုပ် ၃ ဦးကို မြို့နယ်ပညာရေးမှူးက တရားလိုလုပ်ပြီး အမှုဖွင့် တိုင်ကြားထားကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မေးခွန်းတွေ အချိန်မတိုင်မီ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး အမှတ် ၁၂ ရပ်ကွက် ရွှေတွင်းကုန်းရပ်ကွက် ကျောင်းအုပ် ဦးမြတ်စိုး၊ သလုံးသွေး အလက ခွဲ အမှတ် ၇ ရပ်ကွက် ကျောင်းအုပ် ဦးအောင်စိုးလင်းနဲ့ အလကခွဲ ထိန်စိမ်းကျေးရွာကျောင်းအုပ် ဦးထက်မြတ်ကျော် တို့ကို မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက တရားလိုလုပ်တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါကျောင်းအုပ်တွေဟာ စာမေးပွဲမေးခွန်းလွှာတွေကို လုံခြုံစွာ ထိန်းသိမ်းရမယ့် တာဝန်ရှိသူတွေဖြစ်ပေမယ့် သူတို့ရဲ့ သဘောဆန္ဒအလျောက် ဖွင့်ဖောက် ဖြန့်ဝေခြင်း၊ စာမေးပွဲမေးခွန်းလွှာတွေကို ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး ပညာရေးဌာနရဲ့ ညွန်ကြားချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၀ ရက်မှာ ပညာရေးမှူးက ချောက်မြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။










