DVB Logo
Home
မြန်မာသတင်း
ဇလွန်ရေလွှဲမြောင်းစီမံကိန်းနှင့် မလွတ်သည့်မြေဧက ၃၀၀ ကို လျော်ကြေးပေးမည်
DVB
·
February 22, 2016
ဇလွန်ရေလွှဲမြောင်းစီမံကိန်းနှင့် မလွတ်သည့်မြေဧက ၃၀၀ ကို လျော်ကြေးပေးမည်
1 / 5
Donate to DVB

ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှာ စတင်ဖောက်လုပ်နေတဲ့ မြစ်ဖြတ်ရေလွှဲမြောင်းတူး စီမံကိန်းနဲ့ မလွတ်လို့ ဖယ်ရှားပေးရမယ့် လယ်မြေဧက ၃၀၀ ကျော်အတွက် လျော်ကြေးပေးမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးလိုက်ပါတယ်။

ဧရာဝတီမြစ်ရေတိုက်စားကာ ဧကသိန်းနဲ့ချီတဲ့ လယ်ယာမြေတွေ ရေကြီးနစ်မြုပ်မှုကနေ ကာကွယ်ဖို့ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ၀ါသလနဲ့ မေဒုံရွာတွေနားမှာ စတင် လုပ်ကိုင်နေ တဲ့ ရေလွှဲမြောင်းတူးစီမံကိန်းကို သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ သွားရောက်စဉ် ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စီမံကိန်းအတွက် ဖယ်ရှားပေးရမယ့် လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး စိုက်ပျိုးစရိတ်၊ မြေတန်ဖိုး၊ သီးနှံတွေ ရောင်းရင်ရမယ့် ငွေတန်ဖိုးတွေကို တွက်ချက် လျော်ကြေး ပေးမယ်၊ နိုင်ငံတော်က သင့်တော်တဲ့ ကရုဏာကြေးကိုလည်း ထပ်ဆောင်း ပေးမယ့်အပြင် စီမံကိန်း ကနေအသစ် ပေါ်ထွန်းလာမယ့် မြေနေရာတွေမှာလည်း မူလတောင်သူတွေကို ပြန်လည် နေရာချထား ပေးမယ်လို့ သမ္မတက ပြောပါတယ်။

ဒါပေမယ့် နစ်နာကြေးနဲ့ဂရုဏာကြေးတွေ တစ်ဧက ဘယ်လောက်ပေးမယ်၊ ဘယ်လိုပေးမယ် အမှန်တကယ်ဆုံးရှုံးနစ်နာတဲ့ ရွာသားတွေ နစ်နာကြေးရမရ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

သမ္မတရဲ့ ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက စီစဉ်ထားတဲ့ ရွာသားတွေ ကိုသာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးခဲ့တာကြောင့် အမှန်တကယ်မြေယာဆုံးရှုံးခဲ့ကြရတဲ့ တောင်သူတွေအနေနဲ့ အခက်အခဲတွေကို သမ္မတထံတိုက်ရိုက် တင်ပြတောင်းဆိုခွင့် မရခဲ့ ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စီမံကိန်းကြောင့် ဖယ်ရှားခံရမယ့် ရွာသားတွေ အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဇွလွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာကော်မတီက ဦးအောင်ကျော်မြင့်က “ ဒေသခံတွေကတော့ အများအတွက် တနိုင်ငံလုံးအတွက် လုပ်ကိုင်စား သောက်မှုတော့ ဆုံးရှုံးမှာပေါ့။ ဒါပေမယ့် ပါသွားတဲ့ဟာတွေအတွက် ထိုက်သင့်တဲ့လျော်ကြေး သူတို့လိုချင်တယ်၊ ဆုံးရှုံးသွားတဲ့ မြေယာလေးတွေကို ကျန်တဲ့နေရာမှာ အစားထိုးပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေး စေချင်တယ်။ လုံးလုံးမြေပါသွားတဲ့လူတွေကတော့ လျော်ကြေးနဲ့ ကျန်တဲ့နေရာမှာ မြေလေးတွေ အစားထိုးပြန်ရစေချင်တာပေါ့။ ကိုင်းသမားလယ်သမားဆိုတာတော့ မြေကြီးယက်စားမှ ထမင်းဝတဲ့လူတွေဆိုတော့ မြေပြန်ရမှဖြစ်မှာပေါ့။ ထိခိုက်နိုင်တာကတော့ လက်ရှိမြေယာတွေ ဆုံးရှုံးမယ်၊ သီးနှံတွေပျက်ဆီးမယ် အဲဒီမှာ ပါသွားတဲ့အိမ်လေးတွေက မိသားစုတွေ အခုလက်ရှိမှာ ရွှေ့ပြောင်းရတဲ့အတွက် ဒုက္ခရောက်တယ်။”

ဒီစီမံကိန်းကြောင့် ဇလွန်မြို့နယ်ထဲက တောင်ပို့တစ်ရာ၊ ဖားလက်ခို၊ ကူးတို့ဆိပ် ကျေးရွာ တ၀ိုက်က တောင်သူလယ်သမားမိသားစုတွေ အဓိက ထိခိုက်နစ်မှုနဲ့ ကြုံတွေ့နေကြရတာပါ။

အစိုးရကတော့ ဒီဒေသမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တာတမံပြိုကျပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တာတမံပြိုကျပါက ဒူးယားအင်းပါ ပျက်စီးကာ ဟင်္သာတ၊ ကျုံပျော်နဲ့ ဓနုဖြူမြို့နယ်တွေရှိ မြေဧက သုံးသိန်းကျော် ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဇလွန်မြို့နယ်အမတ် ဦးလင်းနိုင်ထွန်းကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး “မလုပ်ရင်တော့ တော်တော်အန္တရာယ်ကြီးတယ်၊ လုပ်တာတော့ လုပ်သင့်တယ်။ ဒါပေမယ့် အောင်မြင်အောင်လုပ်ဖို့တော့ လိုတာပေါ့။ အောင်မြင်ရင် အကျိုးရှိမယ့် စီမံကိန်း ဖြစ်တယ်”လို့ ပြောပါတယ်။

ဒီစီမံကိန်းမှာ အလျား ၅မိုင်ကျော် အရှည်ရှိမယ့် ဧရာဝတီမြစ် ဖြတ်မြောင်း ဖောက်လုပ်ငန်း၊ ရေလမ်းထိန်း အဆောက်အအုံတွေဖြစ်တဲ့ တာတမန်တွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပါဝင်ပြီး ဒီလုပ်ငန်းကုန်ကျစာရိတ်အတွက် နိုင်ငံတော်အစိုးရက သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေး ရန်ပုံငွေကနေ သုံးစွဲမယ်လို့ ဆိုပါတယ်။

လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြေတူးစက်၊ မြေထိုးစက်နဲ့ မြေသယ်ယာဉ်တွေ အပါအ၀င် စုစုပေါင်း စက်ယန္တရား ၃၈၀ ကျော်အသုံးပြုပြီး သမ္မတကတော့ အခုနှစ် မိုးရာသီမတိုင်မီ စီမံကိန်းပြီးအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013