
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် စမ်းလှမ်းကျေးရွာရှိ ဘုတ်ကျွန်းသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်ပြီး ပြည်တွင်းက ခရီးသွားတွေနဲ့ ပြည်ပခရီးသွားတွေ လာရောက် လည်ပတ်မှုများလာတာကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေနေကြပါတယ်။
ထားဝယ်မြို့ကနေ ဘုတ်ကျွန်းအထိ ခရီးစဉ်အသွားအပြန် စီစဉ်ပေးနေတဲ့ ထားဝယ်ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတဦးက “သွားရောက်လည်ပတ်လိုသူတွေအတွက် ထားဝယ်မြို့ ကနေ ဘုတ်ကျွန်းအထိ ကားတွေ၊ စက်လှေငယ် စက်လှေကြီးတွေနဲ့ စီစဉ်ပေးနေပြီး ခရီးစဉ် အသွားအပြန်အတွက် ခရီးသည် တဦးကို ကျပ် ၂၀၀၀၀ နှုန်းနဲ့ ပို့ဆောင်ပေးနေပါတယ်။ ခရီးသည်တွေ လုံခြုံရေးအတွက် သက်ကယ်အင်္ကျီဘားကွင်းတွေကိုလည်း အဆင့်သင့် ၀တ်ဆင်စေပြီးမှသာ လိုက်ပါစီးနင်း ပို့ဆောင်ပေးနေတယ်”လို့ ပြောပါတယ်။
“စမ်းလှမ်းကျေးရွာကမ်းစပ်ကနေ စက်လှေများနဲ့ ရေမိုင် ၁၀ မိုင် ၈ ဖာလုံ အကွာအဝေး ဖြစ်ပြီး စက်လှေမောင်းနှင်ကြာမြင့်ချိန် အသွားအပြန် ၃ နာရီလောက်မောင်းရပါတယ်။ အခုအချိန်မှာ ပြည်တွင်းခရီးသွား အများစုလာတာက အထက်မြန်မာပြည် ရန်ကုန် မန္တလေးဘက်က ပိုလာပါ တယ်” လို့ စက်လှေမောင်းနှင်သူ ဦးတင်လေးက ပြောပါတယ်။
ဘုတ်ကျွန်း ခရီးသွားအများစုမှာ ကြည်ပြာနေတဲ့ ပင်လယ်ရေမျက်နှာပြင်ကြမ်းပြင်အောက်က သန္တာကျောက်တန်း၊ ငါးသယံဇာတ သဘာဝအလှအပတွေကို တနေ့တာ လာရောက် အပန်းဖြေ အနားယူသူတွေ ဖြစ်ကြပါတယ်။
သတင်းဓာတ်ပုံ - နေမျိုးထွဋ်










