DVB Logo
Home
မြန်မာသတင်း
ခရီးသည်နည်းပါး၍ အမ်အေအိုင် မြန်မာ-ထိုင်ဝမ်ခရီးစဉ် ဖျက်သိမ်း
DVB
·
February 22, 2016
ခရီးသည်နည်းပါး၍ အမ်အေအိုင် မြန်မာ-ထိုင်ဝမ်ခရီးစဉ် ဖျက်သိမ်း
Donate to DVB

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (အမ်အေအိုင်) ဟာ ရန်ကုန်မြို့နဲ့ ထိုင်ဝမ်နိုင်ငံ၊ တာအိုယွမ်မြို့ကြား လေကြောင်းခရီးစဉ် ပြေးဆွဲခဲ့ရာမှ ခုချိန်မှာတော့ စီးနင်းလိုက်ပါသူ ခရီးသည် နည်းပါးမှုကြောင့် ဖျက်သိမ်းလိုက်ပြီလို့ ဖိုးကပ်စ်ထိုင်ဝမ်သတင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

အမ်အေအိုင်ဟာ ထိုင်ဝမ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား လေကြောင်းခရီးစဉ် ပြေးဆွဲခွင့် ရရှိပြီးချိန် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အဲဘတ်စ် အေ-၃၁၉ အမျိုးအစား လေယာဉ်တွေနဲ့ ပထမအကြိမ် စတင်ပြေးဆွဲခဲ့တာပါ။

မြန်မာအစိုးရက ၂၀၁၆ ခုနှစ်ကို ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အမ်အေအိုင် လေကြောင်းလိုင်းက ဒီနှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်ကို လျှောက်ထားခဲ့တာပါ။

အမ်အေအိုင်ဟာ တပတ်ကိုသုံးရက် အသွားအပြန် လေကြောင်းခရီးစဉ်ကို လာမယ့် မတ်လအထိ ပြေးဆွဲခွင့် လျှောက်ထားခဲ့တာ ဖြစ်ပေမယ့် လေကြောင်းလိုင်းက ၂ လတာ ကျန်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ထိုင်ဝမ်အခြေစိုက် မြို့ပြ လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (စီအေအေ) က ပြောပါတယ်။

အမ်အေအိုင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်တခုမှာ ခုလိုဖျက်သိမ်းရတာဟာ ကုမ္ပဏီရဲ့ လေယာဉ်စီမံခန့်ခွဲမှုအပေါ် အခြေခံတာဖြစ်တယ်လို့ ပြောခဲ့ပေမယ့် စီအေအေကတော့ ဒါဟာ ခရီးသည်နည်းပါးမှုကြောင့် ဖြစ်တယ်လို့ ပြောလိုက်တာပါ။

ခရီးစဉ်ဖျက်သိမ်းမှုအတွက် အမ်အေအိုင်က ခရီးသည်တွေကို လျော်ကြေးပေးပြီး တခြားလေကြောင်းလိုင်းတွေနဲ့ အစားထိုးပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်ဝမ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားကို ချိုင်းနားလေကြောင်းလိုင်း တခုတည်းကသာ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်တွေနဲ့ တပတ်ကို ၆ ရက် ပြေးဆွဲပေးနေတာပါ။

အမ်အေအိုင် လေကြောင်းလိုင်းနဲ့အတူ ထိုင်ဝမ်-မြန်မာ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ် ပြေးဆွဲမှုကို မြန်မာအမျိုးသားလေကြောင်းလိုင်း (အမ်အန်အေ) ကပါ ပြေးဆွဲခွင့်ရရှိခဲ့ပေမယ့် ခုချိန်ထိ ပြေးဆွဲခြင်း မရှိသေးဘူးလို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013