DVB Logo
Home
Lead Story
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း (၃)
DVB
·
February 21, 2016
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း (၃)
Donate to DVB

ပြတ်ပြတ်သားသား အရေးယူမှု

လက်ရှိ ဒီမိုကရေစီ နိုင်ငံသစ်တွေနဲ့ မတူဘဲ အမေရိကန် ပြည်ထောင်စုမှာ အရေးကြီးတဲ့ အားသာချက် တရပ်က ရဲတပ်ဖွဲ့ အင်အားကောင်းပြီး ဥပဒေအတိုင်း လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်း ရှိတာပါ။ အမေရိကန်ပြည် လွတ်လပ်ရေး မရခင် အင်္ဂလိပ်ခေတ်ကတည်းက အခြေတကျ ရှိခဲ့တဲ့ ကိုလိုနီစနစ်ရဲ့ “ကောင်းမွေ” တခုလို့ ဆိုနိုင်ပါတယ်။ အမေရိကန် အစိုးရ ဆင့်ဆင့်၊ အဆက်ဆက်ဟာ ရဲအင်အားကို လုံလောက်အောင် အားဖြည့်ထားခဲ့လို့ ဘယ်အဆင့်မှာ ဖြစ်ဖြစ် အပြစ်ရှိသူကို အရေးယု နိုင်စွမ်းရှိခဲ့ပါတယ်။

တရားမျှတသော ဥပဒေ

တဖက်တွင် ဥပဒေတွေရဲ့  လေးစားဖွယ်ကျိုးကြောင်း ဓမ္မ (legitimacy) ကလည်း ရဲတပ်ဖွဲ့ကို အားဖြည့်ပေးရာ ရောက်ပါတယ်။ လှည့်နေလှေအောင်း မကျန် မှန်ကန်တဲ့ အာဏာစက် သက်ရောက်ဖို့ အကြောင်း ဖြစ်လာပါတယ်။ တရားဥပဒေ စိုးမိုးမှု (rule of law) ဟာ လာဘ်ပေးလာဘ်ယူ လိုမျိုး ကိစ္စတွေကို ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။  အစိုးရအရာရှိများရဲ့ အမူအကျင့်ဟာ ဒီလိုမျိုး မက်လုံးအပေါ် မူတည်ပါတယ်။ သူတို့ အလုပ်အတွက် လုံလောက်တဲ့ လစာ ရရှိခြင်း သက်သက်ကို ဆိုလိုတာ မဟုတ်ဘဲ၊ ဥပဒေကို ချိုးဖောက်တဲ့အခါ အပြစ်ပေးခံရမယ်ဆိုတဲ့ အသိတရား ကိန်းအောင်းနေဖို့ လိုပါတယ်။ နိုင်ငံအတော်များများမှာ အခွန်ငွေ မပေးကြဘဲ၊ လက်သိပ်ထိုးကြတဲ့ ကိစ္စဟာ  ဥပဒေ ချိုးဖောက်သူကို ထောင်ထဲ ပို့တဲ့ ကိစ္စမျိုး နည်းပါးတာနဲ့ သက်ဆိုင်ပါတယ်။

လာဘ်ပေးလာဘ်ယူမှုကို ဥပဒေအတိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လို့ အောင်မြင်မှု ရခဲ့တဲ့ လောလောလတ်လတ် နိုင်ငံတခုက ဂျော်ဂျီယာ ပါ။ ၂၀၀၃ နှင်းဆီ တော်လှန်ရေးအပြီးမှာ မီးခေး ဆာကက်ရှ်ဗေလီ ခေါင်းဆောင်တဲ့ အစိုးရက နယ်ပယ်မျိုးစုံမှာ အမြစ်တွယ်နေတဲ့  လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ခဲ့တယ်။ ယာဉ်ထိန်းရဲအဖွဲ့၊ အခွန်တိမ်းရှောင်မှု၊  ဥပဒေ လက်တလုံးကြား ရာဇ၀တ်သားတွေ အရေးကို ကိုင်တွယ်ခဲ့တယ်။ တချို့ ကိစ္စရပ်တွေကို ပွင့်လင်းမြင်သာမှု၊ အပေါင်းလက္ခဏာ လက်တွေ့ခြေလှမ်း (ဥပမာ အစိုးရနှင့် ဆိုင်တဲ့ အချက်အလက်တွကို အွန်လိုင်းပေါ် တင်ခဲ့တာမျိုး။ ရဲအဖွဲ့ လစာကို တိုးပေးခဲ့တာမျိုး) နဲ့ အစပြုဆောင်ရွက်ခဲ့တယ်။ ပိုပြီး အရေးကြီးပြီး ထိထိရောက်ရောက် ကိုင်တွယ်တဲ့ နည်းလမ်းက အစိုးရ အဆင့်မြင့် အရာရှိတွေ၊ နာမည်ကြီး စီးပွားရေးသမားတွေကို ဖမ်းဆီးအရေးယူဖို့ အထူးရဲအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး

လာဘ်ပေး လာဘ်ယူမှုကို ထိန်းချုပ်ရာမှာ လူ့အဖွဲ့အစည်းအတွင်းက စိတ်နေစိတ်ထားတစုံလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဥပမာ အနေဖြင့် မိမိဌာနတခုလုံး လာဘ်ပေးလာဘ်ယူ ကိစ္စကို ထမင်းစားရေသောက် လုပ်နေတဲ့ အခြေအနေမှာ ကိုယ်တယောက်တည်းက မပတ်သက်ဘူးဆိုရင် အရူးတယောက်များ ဖြစ်သွားမလား ဆိုတဲ့ အတွေးဝင်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖျောင်းဖျ နားချတဲ့ နည်း၊ မက်လုံးပေး ဆွဲဆောင်တဲ့ နည်းလမ်းကို မစဉ်းစားပါနဲ့။ အကြောက်တရားသည်သာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ဂျော်ဂျီယာကိုပဲ ပြန်ကြည့်ရင် နှင်းဆီ တော်လှန်ရေး မတိုင်ခင်က ဆိုဗီယက်ပြည်ထောင်စုမှာ လာဘ်ပေးလာဘ်ယူမှု အဆိုးဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ အနည်းဆုံး စာရင်းဝင် နိုင်ငံ ဖြစ်သွားပါပြီ၊ ဥပဒေအတိုင်း ပြတ်ပြတ်သားသား မကိုင်ဘဲ ထိရောက်တဲ့ အစိုးရမျိုး ဖြစ်ဖို့ စိတ်ကူးယဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပွင်လင်းမှုသာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ အစိုးရကောင်းကို တည်ဆောက်မယ်ဆိုရင်လည်း အရေးယူ ဆောင်ရွက်မှု အပိုင်းကို ပြတ်ပြတ်သားသား မကိုင်တွယ်ရင် ကြိုးစားသမျှ အချည်းအနှီးပဲ ဖြစ်သွားပါလိမ့်မယ်။

ဆင်မြူရယ် ဟန်တင်တန်က Political Order in Changing Societies စာအုပ်မှာ လူထုနှိုးထမှု အရှိန်အဟုန်နဲ့ အလိုက်သင့် ပြောင်းလဲနိုင်စွမ်း မရှိတဲ့ နိုင်ငံရေး စနစ်တခုဟာ အဆုံးသတ်မှာ ၀ရုန်းသုန်းကား အခြေဆိုက်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ လိုက်လျှောညီထွေ မရှိတဲ့ နိုင်ငံတော် ယန္တယားဟာလည်း အလိုက်သင့် ပြိုကျသွားနိုင်ပါတယ်။

နောက်ဆုံး အဆင့်နှစ်ဆင့်

ရှင်သန်အားကောင်းသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာ နောက်ထပ် အရေးကြီးသော အဆင့် နှစ်ဆင့် ကျန်ပါသေးတယ်။  အိုးနင်းခွက်နင်း လူမှု နှိုးထမှုကို စည်းကမ်း မူဘောင်သွင်းရတဲ့ ကိစ္စတွေပါပဲ။ ပထမအဆင့်ကတော့ လူမှုနှိုးကြား လှုပ်ရှားသူတွေကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲပြီး ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေဟာ အရေးတခု (issue) ကို အာရုံစိုက်တာ များပြီး နိုင်ငံရေး ပါတီများလို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို အရယူဖို့အထိ မကြိုးစားကြပါဘူး။ အကျိုးဆက်တခုကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ လစ်ဘရယ် အုပ်စုတွေဟာ အားမကောင်းဘဲ အရှုံးနှင့် ကြုံရတတ်ပါတယ်။ အသွင်ကူးပြောင်းခါစ နိုင်ငံတွေ ရုရှား အစ၊ ယူကရိန်း အလယ်၊ အီဂျစ် အဆုံး သင်ခန်းစာတွေကို ထုတ်ယူနိုင်ပါလိမ့်မယ်။

ဒုတိယ အဆင့်ကတော့ နိုင်ငံတော် တည်ဆောက်ရေးနဲ့ နိုင်ငံတော် စွမ်းဆောင်ရည် ကိစ္စနဲ့  ဆိုင်ပါတယ်။ ဒီမိုကရက်တစ် အစိုးရတရပ် ဖြစ်လာရင် လက်တွေ့ အုပ်ချုပ်ရပါမယ်။ တဖက်က ဥပဒေ ဘောင်အတွင်းက အာဏာစက်ကို အသုံးပြုရသလို တခြား တဖက်မှာ ပြည်သူ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိလာပါတယ်။ ဒီမိုကရေစီ အစိုးရဖြစ်နေလည်း လူထု မျှော်လင့်ချက်ကို မဖြည့်ပေးနိုင်ရင် တရားဝင်မှု ဆုံးရှုံးရမှာ ဓမ္မတာ ပါပဲ။ အမေရိကန် ပြည်ထောင်စု သမိုင်းကို ကြည်ရင်လည်း ခေတ်မီ နိုင်ငံတော်ကို မတည်ဆောက်ဘဲ ဒီမိုကရေစီဘက်ကို ဇောင်းပေးလွန်းလို့ အစိုးရ အရည်အသွေး ကျဆင်းတာကို တွေ့နိုင်ပါသည်။

ဒီလိုဆိုလို့ ခေတ်မီ နိုင်ငံတော်ကို အာဏာရှင်စနစ်အောက်မှာပဲ တည်ဆောက်နိုင်မယ်လို့ မဆိုလိုပါဘူး။ အချက်အလက်အရ ကြည့်ရင်တော့ အခြေကျပြီးသား ဒီမိုကရေစီ နိုင်ငံတွေဟာ နိုင်ငံတည်ဆောက်ရေးက ရှေ့၊ ဒီမိုကရေစီက နောက်က လိုက်ခဲ့ကြတာ အမှန်ပါပဲ။ ဒီလမ်းကြောင်းကို ဟန်တင်တန်က “အာဏာရှင်မောင်းနှင်းသော အသွင်ကူးပြောင်းရေး” (authoritarian transition) လို့ အမည်ပေးပါသည်။ သို့သော်လည်း မျက်မှောက်ခေတ်မှာ ပြည်သူတို့ရဲ့ ဒီမိုကရေစီကို တောင့်တတဲ့ အာသီသ၊ ဒီမိုကရေစီအပေါ် မျှော်လင့်ချက်က မြင့်မားလွန်းတာကြောင့် ယခင်လမ်းကြောင်းအတိုင်း လိုက်လို့ မရတော့ပါဘူး။ ဒါကြောင့် အဆိုးလို့ပဲ ယူယူ၊ အကောင်းလို့ပဲ ပြောပြော ဒီနေ့ ကမ္ဘာ့နိုင်ငံတွေ အတော်များများအတွက် ခေတ်မီနိုင်ငံ တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ အင်စတီ ကျူးရှင်း၊ ဥပဒေ စိုးမိုးမှု အသက်ဝင်အောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် နှစ်ခုလုံးကို တချိန်တည်း တပြိုင်တည်းမှာ လုပ်ဆောင်ရုံက လွဲလို့ တခြား နည်းလမ်း မရှိပါဘူး။

နေသွင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013