DVB Logo
Home
မြန်မာသတင်း
တရားမ၀င်အလုပ်သမားများကို တွေ့ရှိပါက သတင်းပေးရန် ထိုင်းအာဏာပိုင်များပြော
DVB
·
February 21, 2016
တရားမ၀င်အလုပ်သမားများကို တွေ့ရှိပါက သတင်းပေးရန် ထိုင်းအာဏာပိုင်များပြော
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ရှိပါက ထိုင်းနိုင်ငံသားတွေအနေနဲ့ သတင်းပေးကြဖို့ ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုပါဝင်တဲ့ အယောက် ၆၀ ဖမ်းဆီးရမိမှုနဲ့ အမှတ် ၆ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က) အကြီးအကဲတွေ ကျင်းပ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကြီး ထပ်ဖုန်း စိုင်ဥဘွန်းက ပြောဆိုလိုက်တာ ဖြစ်ကြောင်း ထိုင်း RYT9 သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီရွှေ့ပြောင်းအလုပ်သမားတွေကို ရနောင်း၊ ချုံဖော်နဲ့ ချွန်းဖော်မြို့နယ်တွေမှာ စစ်ဆေး ဖမ်းဆီးခဲ့တာလို့ သူက ဆိုပါတယ်။

“ဖမ်းဆီခံရတဲ့သူတွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်မှာ တရားမ၀င် လာရောက် လုပ်ကိုင်နေကြပါတယ်၊ ဒါကြောင့် ဒီလို အလုပ်သမားတွေကို တွေ့မယ်ဆိုရင် ထိုင်း လ၀က ဆီကို ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ဒါမှမဟုတ် စာရေး အကြောင်းကြာပြီး သတင်းပေးလို့ရကြောင်း ရဲမှူးကြီးက ပြောပါတယ်။

တရားမ၀င်အလုပ်သမားတွေကို တွေ့ရင်သတင်းပေးဖို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်တဲ့အပေါ် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “နှစ်ဖက်အစိုးရ စနစ်တကျ ညှိနှိုင်းဆွေနွေးပွဲ ရလဒ်ကို ဒါချိုးဖောက်လိုက်တဲ့ သဘောပါပဲခင်ဗျာ။ ဒါကြောင့် နှစ်ဖက် အစိုးရက ညှိနှိုင်းထားတာက ဒီတရားမ၀င်တဲ့ အလုပ်သမားတွေရော၊ နောက် ဗီဇာကုန်နေတဲ့ အလုပ်သမားတွေရော အားလုံးကို ဆက်လက် နေထိုင် အလုပ်လုပ်ကိုင်နိုင်ဖို့ နှစ်ဦး နှစ်ဖက် သဘောတူပြီသား ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို ဒီလ ၂၃ ရက်နေ့ကျရင် ဥပဒေ တရပ် ထွက်ရှိတော့မှာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့က  ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင် ပတ္တရားမြို့မှာ ပြုလုပ်သွားတဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးမှာ လာမယ့် မတ်လ ၃၁ ရက်နေ့ကျရင် သက်တမ်းကုန်ဆုံးမယ့် ပန်းရောင်ကတ်နဲ့ နေထိုင်တဲ့ အလုပ်သမားတွေကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့ကို အဆိုပြုထား တာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ မြန်မာအလုပ်သမား ၀န်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်း အင်အားဦးစီးဌာနက တာဝန်ရှိသူတွေရော၊ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နဲ့ အလုပ်သမားသံအရာရှိတွေပါ တက်ရောက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ၀က) နဲ့ နယ်မြေခံ အာဏာပိုင်တွေ ပူးပေါင်း ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံက အလုပ်ရှင်တွေအနေနဲ့  တရားမ၀င်အလုပ်သမားတွေ ငှားရမ်းခန့်ထားတာကို တွေ့ရှိရင်  နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ အက်ဥပဒေပုဒ်မအရ အရေးယူခံရမယ်လို့ ထိုင်းအ လုပ်သမားဝန်ကြီးဌာန  ရွှေ့ပြောင်းအလုပ်သမားစီမံက ခန့်ခွဲရေးဌာန သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေ တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013