
မြန်မာပြည်မှာ မငြိမ်းချမ်းတဲ့နယ်မြေ တလက်မမှ မရှိအောင် ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ သူက ပြောဆိုခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းမှု မရှိဘဲနဲ့ မြန်မာပြည်ထောင်စု ချမ်းသာကြွယ်ဝဖို့ မရှိဘူးလို့လည်း ဒေါ်စုက ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် တဦးနဲ့တဦး ပေးဆပ်ချင်တဲ့စိတ်ရှိရင် မခက်ခဲပါဘူးလို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတခု ဖွံ့ဖြိုးချမ်းသာမှုဆိုတာဟာ နိုင်ငံသားတွေ စိတ်အေးချမ်းသာမှု စိတ်လုံခြုံမှုနဲ့ မိမိနိုင်ငံအတွက် ဂုဏ်ယူလိုမှု စတဲ့အချက်တွေနဲ့ တိုင်းတာရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လွှတ်တော်နာယကဟောင်း ဦးရွှေမန်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ မန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - NLD Chairperson











