DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရက်တည်း ဆွဲမိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ၃ ဦးဒဏ်ရာရ
DVB
·
February 20, 2016
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရက်တည်း ဆွဲမိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ၃ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်ပြည်နယ်စပ် လားရှိုးနဲ့ ကွမ်းလုံမြို့ အဝေးပြေး ကားလမ်းမတွေပေါ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တရက်တည်း ဆွဲမိုင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ည ၁၀ နာရီလောက်က လားရှိုးမြို့ကနေ တရုတ်ပြည်နယ်စပ် မူဆယ်မြို့ဘက်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမပေါ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ ခရီးသွားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရခဲ့ပြီး ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒဏ်ရာရသူ ၃ ဦးဟာ မိုးမိတ်မြို့မှာနေထိုင်တဲ့ ဦးကျော်လှ ၃၁ နှစ်၊ ပြည်ဦးလွင်မှာနေထိုင်တဲ့ ဦးမင်းအောင် ၃၃ နှစ်နဲ့ အားသစ်ခရီသည်တင်မှတ်လုံယာဉ် နောက်လိုက်ဖြစ်သူ ညီညီအောင် ၁၉ နှစ်တို့ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးဝါး ကုသမှု ခံယူနေပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ရက်တရက်တည်းမှာပဲ ကွမ်းလုံမြို့နဲ့ တရုတ်ပြည်နယ်စပ် ချင်းရွှေဟော်သွား ကားလမ်းမပေါ်မှာလည်း ဆွဲမိုင်းပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘဲ ကားလမ်းမကြီးပေါ်မှာ အနံ ၂၄ ပေ၊ အလျား ၂၀ ပေ၊ အနက် ၆ ပေရှိတဲ့ ကျင်းတခုဖြစ်သွားခဲ့ပါတယ်။

အခုလို တနေ့တည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ရှမ်းပြည်မြောက်ပိုင်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး အောင်မြတ်မိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

“စုံစမ်းဆဲပါ တအာင်း/ပလောင်အဖွဲ့လည်းရှိတယ်၊ အမ်အန်ဒီအေအေ (ကိုးကန့်တပ်မတော်) တပ်ပေါင်းစု ရှိတယ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရှိတယ်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရှိတယ်။ တခုက ၁၀ နာရီလောက်မှာဖြစ်တာ၊ တခုက ၁၂ နာရီနောက်ပိုင်းမှာဖြစ်တာ အဲဒီ ၂ ခုဟာ စပ်ဆပ်မှုရှိတယ်။ ပူပူနွေးနွေးဆိုတော့ အခုမှ သုံးသပ်တုန်းပဲ ရှိသေးတယ်။ ဘယ်သူလုပ်တယ် တဖွဲ့တည်းလား၊ တခြားအဖွဲ့လားဆိုတာလေ။ အခုဖြစ်ပွားနေတဲ့ တိုက်ရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်နေတာတွေ ကြားမှာပေါ့နော်၊ အဲဒါတွေနဲ့ ဆက်စပ်နိုင်တာပေါ့” လို့ ပြောပါတယ်။

မိုင်းတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် ရှမ်းပြည်မြောက်ပိုင်းအတွင်းက မြို့ကြီးတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံးခြုံရေးယူပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“လုံခြုံရေး တပ်မတော် စစ်ကြောင်းလည်း ရှင်းလင်းနေတယ်၊ ကျနော်တို့ ရဲတပ်ဖွဲ့ကလည်း မြို့တွေ ရွာတွေမှာ တားဆီးတာတွေ ပိတ်ဆို့တာတွေ အ၀င်အထွက် စစ်ဆေးတာတွေ၊ ဒါတွေ လုပ်နေတာပေါ့။”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဒေသတ၀ိုက်မှာ အခုလဆန်းပိုင်း ပြန်လည်ပြင်းထန်လာတဲ့ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဓာတ်ပုံ - ခွန်ဇော်ဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013