DVB Logo
Home
မြန်မာသတင်း
တံတားဦးမြို့နယ် ကျေးရွာအချို့ သောက်သုံးရေ အခက်ခဲကြုံတွေ့
DVB
·
February 20, 2016
တံတားဦးမြို့နယ် ကျေးရွာအချို့ သောက်သုံးရေ အခက်ခဲကြုံတွေ့
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

တံတားဦးမြို့နယ် စပါးတွင်းနဲ့ ညောင်ပင်သာကျေးရွာမှာ အိမ်သုံးရေအတွက် အခက်အခဲမရှိပေမယ့် သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ ဦးမင်းမင်းနီက ဒီဗွီဘီကို ပြောပါတယ်။

“အခုလောလောဆယ် လူတွေချိုးဖို့ရေကတော့ အဆင်ပြေနေသေးတယ်၊ လူသောက်ဖို့ ရေချိုက တော်တော်ခက်နေတာ၊ ရေတွင်းတွေ တူးထားတာတွေကလည်း ရေငန်တွေပဲ ထွက်တာလေ၊ ချောင်းကလေးဘေး ကမ်းပါးနားကနေပြီးတော့ ကျောက်တွေကြားကနေ ကျလာတဲ့ စိမ့်ရေကို သဲအိတ်တွေကာပြီးတော့ တခွက်ချင်း ခတ်ပြီးတော့ နှစ်ရွာပေါင်း သုံးနေရတယ်”လို့ ပြောပါတယ်။

အဲဒီ ကျေးရွာ ၂ ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး လူဦးရေက ၁၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ ကျေးရွာသားတွေဟာ သောက်သုံးရေ ရရှိဖို့ မနက် ၄ နာရီလောက်က စတင်ပြီး တန်းစီကြရပါတယ်လို့ ပြောပါတယ်။

“သောက်သုံးရေ ရှားတာ နှစ်တိုင်း ကြုံတွေ့ရတာ၊ ဒါပေမယ့် မိုးလေ၀သက အယ်လ်နီညို ကိစ္စပြောတာနဲ့ နည်းနည်း နီးစပ်တာပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က ဒီလောက်ထိ ရေမရှားသေးဘူးပေါ့။ ဒီနှစ်မှာ နည်းနည်းလေး စလာပြီပေါ့ဗျာ၊ အခုနွေတောင် မပေါက်သေးဘူး အဲလောက်တောင် ရေက ပြတ်စပြုလာတာပေါ့။”

ဒေသခံပြည်သူတွေ သောက်သုံးရေ ရရှိဖို့အတွက် အနှိုင်းမဲ့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ကို အကူအညီတောင်းထားသေးတယ်လို့ သူက ဆိုပါတယ်။

အနှိုင်းမဲ့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျကတော့ ကျေးရွာဒေသခံတွေ သောက်သုံးရေ ရဖို့အတွက် အကူအညီလှမ်းတောင်းထားတဲ့အတွက ဒီကနေ့ နေ့လယ် စပါးတွင်းကျေးရွာ အနီးအနားကို ကွင်းဆင်းလေ့လာပြီး ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

“မနေ့က ကျနော်တို့ အဖွဲ့ကို မန္တလေးက မနော်ကြာဖြူအဖွဲ့က လှမ်းဆက်သွယ်တယ်၊ အခုကျနော်တို့ နေ့လယ်ခင်းလောက်ကို စပါးတွင်း ပတ်ချာလည်ရွာတွေကို ကွင်းဆင်းပြီးတော့ အရင်ကြည့်လိုက်ဦးမယ်။ သောက်သုံးရေးပဲ ခက်သလား၊ လူသုံးတဲ့ရေပဲ ခက်သလား အရင်ကြည့်ပြီးတော့ ဆုံးဖြတ်လို့ရမှာပါ။”

အနှိုင်းမဲ့ ပါရီမီ အသင်းအဖွဲ့အနေနဲ့ လက်တလော တံတားဦးမြို့နယ် ဆေးရုံကြီးကို သောက်ရေ အကူအညီပေးနေသလို မကြာသေးခင်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နမ့်ဆန်မြို့ကိုလည်း အကူအညီတွေ သွားရောက်ပေးအပ်ခဲ့သေးတယ်လို့ ဦးအောင်ဇေယျက ဆိုပါတယ်။

မကြာသေးခင် ရက်ပိုင်းကလည်း တံတားဦးမြို့နယ် ခရိုင် ညွန်ကြားရေးမှူ့းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ အစိုးရတာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိတ်ခေါ်ပြီး သောက်သုံးရေ ရရှိရေးအတွက် ကူညီပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း မကွေးမြို့နယ် သစ်ရာကောက်တိုက်နယ်၊ မိချောင်းရဲ တိုက်နယ်၊ ညောင်ကန်တိုက်နယ်နဲ့ မြေကွမ်းတိုက်နယ်တွေက ကျေးရွာပေါင်း ၁၀၀ ကျော်လောက်မှာလည်း ရေရှားပါး ပြဿနာတွေနဲ့ ကြုံတွေ့နေကြရပြီ ဖြစ်ပါတယ်။

အခုနှစ် နွေရာသီ မြန်မာနိုင်ငံမှာ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုရှိနိုင်ပြီး အပူချိန်မြင့်မားခြောက်သွေ့၊ ရေရှားပါးမှုနဲ့ ကြုံရနိုင်လို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ - ကိုသက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013