
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်းနဲ့ အထူးသဖြင့် ရှမ်းနဲ့ ပလောင်တိုင်းရင်းသားများအပေါ် ဦးတည်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပိုပြီး စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုဟာ ငြိမ်းချမ်းရေးရရှိဖို့ တည်ဆောက်နေတဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့လည်း ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက်မှာ အမေရိကန်သံရုံးက ဝေဖန်ထောက်ပြပါတယ်။
သံရုံးထုတ်ပြန်ချက်ထဲမှာ "စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် စိတ်ရှည်သည်းခံခြင်းတရားကို ကျင့်သုံးကြရန်နှင့် ကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ကြရန် အားလုံးကို မိမိတို့ တိုက်တွန်းတယ်၊ သို့မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဆက်လက်ဖြစ်ထွန်းနေမည်ဖြစ်ပြီး နေရပ်ရွှေ့ပြောင်းဒုက္ခသည်များလည်း နေရပ်သို့ပြန်နိုင်မည်ဖြစ်ကာ ၎င်းတို့၏ ဘဝများကို ပြန်လည် ထူထောင်နိုင်မည် ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဒေသတ၀ိုက်မှာ အခုလဆန်းပိုင်း ပြန်လည်ပြင်းထန်လာတဲ့ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး စစ်တပ်စစ်ကြောင်းတွေက အဲ့ဒီတိုက်ပွဲကြားဝင်ရောက်ပြီး ရှမ်းပြည်တပ်မတော်ကို ဆုတ်ခွာစေကာ တအန်းပလောင်တပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။











