DVB Logo
Home
Lead Story
တရုတ်နဲ့ ဂျပန် အပြိုင်ချဉ်းကပ်ကြတာ စီးပွားရေးလက်ဦးမှုရဖို့ပါ - ဦးအောင်သူငြိမ်း
DVB
·
February 19, 2016
တရုတ်နဲ့ ဂျပန် အပြိုင်ချဉ်းကပ်ကြတာ စီးပွားရေးလက်ဦးမှုရဖို့ပါ - ဦးအောင်သူငြိမ်း
Donate to DVB

မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ထက်က အဓိကကျောထောက်နောက်ခံပြုခဲ့တဲ့ မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ ဂျပန်နိုင်ငံတို့ဟာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရေးနွေးထွေးအောင် အပြိုင်ကြိုးပမ်းနေကြပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးအောင်သူငြိမ်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဟာ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဂျပန်နိုင်ငံကို အမြန်ဆုံးလာလည်ဖို့ ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားစာပေးအပ်ခဲ့တယ်။ ဂျပန်က ဘာကြောင့် ဖိတ်ကြားတယ်လို့မြင်သလဲခင်ဗျ။

“ကျနော်မြင်တာတော့ ဂျပန်က ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းမှာကတည်းက မြန်မာနိုင်ငံမှာ သူတို့ရဲ့အကျိုးစီးပွားကိစ္စတွေ ရှိပါတယ်။ အထူးသဖြင့် သီလ၀ါစက်မှုဇုန်ရှိသလို နောက်ပိုင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စလည်း သူတို့ စိတ်ဝင်စားမှုတွေ ပြတယ်ပေါ့နော်။ အဲဒီ အနေအထားမှာ ဂျပန်က သူရဲ့စီးပွားရေးကိစ္စမျိုးတွေကို ပိုခိုင်မာအောင် သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေ ပိုခိုင်မာအောင် အန်အယ်လ်ဒီနဲ့ အစိုးရဖြစ်လာမယ့် အခြေအနေမှာ ပိုတိုးဆက်ဆံတယ်လို့တော့ ကျနော်ထင်တယ်။”

တရုတ်နိုင်ငံဘက်ကလည်း အန်အယ်လ်ဒီကို ချဉ်းကပ်မှုတွေ ခပ်စိတ်စိတ်ဖြစ်နေတာဟာ ဘာရည်ရွယ်ချက်လို့ ထင်လဲခင်ဗျ။

“ကျနော်မြင်တာတော့ တရုတ်က နည်းနည်းပိုခြေသွက်တယ်လို့မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းကလည်း တရုတ်ကို ဖိတ်ခဲ့တာတွေ ရှိတယ်ပေါ့နော်။ နောက်တခါ အလားတူပဲ အကျိုးစီးပွားကိစ္စတွေရှိပါတယ်၊ မြစ်ဆုံ၊ လက်ပံတောင်းအပါအ၀င် တခြား ကျောက်ဖြူရေနက်ဆိပ်ကမ်းပေါ့ ဒါတွေအကျိုးစီးပွားတွေလည်းရှိတော့ အန်အယ်လ်ဒီနဲ့ ပြေလည်ရေးကိုလည်း သူတို့က ကြည့်လိမ့်မယ်ထင်ပါတယ်။ ကျနော့်အမြင်ကတော့ ဒီလိုဗျ။ ကျနော်တို့နိုင်ငံက မဟာဗျူဟာကျတဲ့နေရာမှာ ရှိတယ်ပေါ့နော်။ အဲဒီအနေအထားမှာ ဂျပန်ဘက်ကလည်း ကြိုးစားမှာပဲ၊ တရုတ်ဘက်ကလည်း ကြိုးစားမှာပဲ။ နောက် ကျနော်သိရသလောက်က ဂျပန်က ကျနော်တို့အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေကိစ္စမှာ သူတို့က နည်းနည်းလေးနောက်ကျသွားတယ်လို့ သူတို့ခံစားထားရတယ်။ ဆိုလိုတာက ကိုရီးယားက သူတို့ထက် ပိုလက်သွက်သွားတယ်ပေါ့နော်။ အဲဒီတော့ ဒီကိစ္စတွေက ပိုပြီးတော့ ခြေသွက်လက်သွက်လုပ်လာတယ်လို့ ယူဆပါတယ်။”

တရုတ်နဲ့ဂျပန်က တချိန်က ကိုလိုနီပြုခဲ့တယ်ဆိုတဲ့အနေအထားမှာ စောင်နေကြတဲ့ ဒီနှစ်နိုင်ငံရဲ့ ချဉ်းကပ်မှုက မြန်မာပြည်အတွက် ဘာဖြစ်နိုင်လဲ။

“ကျနော်ထင်တာတော့ နှစ်ဘက်က အရင်တချိန်ကလို အင်အားပြိုင်ဆိုင်မှုမျိုး ဒီလောက်ကြီးထိ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စီးပွားရေးအရတော့ သူက အသာရအောင်၊ ကိုယ်က အသာရအောင် ကြိုးစားမယ့်အနေအထားရှိမယ်ထင်ပါတယ်။”

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့က စစ်ကောင်စီလက်ထက်မှာ တောက်လျှောက်နီးစပ်ခဲ့ရာကနေ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရလက်ထက်မှာ ဂျပန်တို့၊ အနောက်နိုင်ငံတို့နဲ့ ပိုနီးစပ်သွားနိုင်ဖွယ် ရှိလား။

“ကျနော်တို့သိရသလောက်ကိစ္စတွေပေါ့နော်၊ ဥပမာအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စမျိုးတွေမှာ တရုတ်က ပိုပြီးတော့ သူ့ရဲ့အခန်းကဏ္ဍကို ပါလာတာတွေ တွေ့ရတယ်။ နောက်တခုကကျတော့လည်း ကျနော်တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲမှာ အမေရိကန်မပါဖို့ တရုတ်က ကန့်ကွက်ပါတယ်။ အဲဒီတော့ အန်စီအေလက်မှတ်ထိုးတော့ အမေရိကန် သံအမတ်ကြီးတက်ထိုးတာ မတွေ့ရဘူးပေါ့နော်။ အဲဒီတော့ တဖက်ကလည်း အမေရိကန် ဘက်က ဆင်ခြင်တာတွေရှိပါတယ်။ အဲဒီတော့ တရုတ်ဘက်ကလည်း ဒီဒေသတွင်းမှာရှိတဲ့ သြဇာပေါ့ဗျာ၊ ဒါကိုလည်း သူတတ်နိုင်သလောက် ကြီးထွားအောင်လုပ်တဲ့အနေအထားတော့ တွေ့ပါတယ်။”

ဂျပန်နဲ့ တရုတ်နှစ်နိုင်ငံရဲ့ ချဉ်းကပ်နေမှုအပေါ် ခြုံပြီးပြောရရင် ဘယ်လိုအနှစ်ချုပ်ပြောနိုင်မလဲ။

“ကျနော်မြင်တာက ဂျပန်က စီမံကိန်းကြီးတွေနဲ့ သွားမယ့်အနေအထားလို့ ကျနော်ထင်တယ်။ ဥပမာ JAICA ပေါ့နော် နိုင်ငံတကာဖွံ့ဖြိုးရေးပေးတယ်ဆိုတာ ဥပမာ ရန်ကုန်မြို့ဆို ရန်ကုန်မြို့ကြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဒါမျိုးကိစ္စတွေပေါ့၊ နောက်တခု သီလ၀ါဆိပ်ကမ်းလို အဲလိုဟာမျိုး အကြီးစားဟာမျိုးတွေ သူတို့မှန်းတဲ့ပုံရပါတယ်။ တရုတ်ကတော့ သူ့မှာလည်း ကျနော်တို့နိုင်ငံမှာ ခြေလှမ်းထားတာတွေ၊ အဆက်အသွယ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ပြဿ  နာက မြန်မာလူထုတွေကြားထဲမှာ တရုတ်ဆန့်ကျင်ရေး အယူအဆလေးတွေ ရှိတဲ့ အခါကျတော့ သူတို့က ဒီအချိန်မှာ ပိုပြီးတော့ သတိထားတယ်ပေါ့ဗျာ။ နောက်တခုက အခုတက်လာတဲ့ အန်အယ်လ်ဒီအစိုးရနဲ့လည်း ပြန်ပြီးတော့ပြေလည်အောင် သူတို့ ဒီလို ခြေလှမ်းမျိုးတွေ လုပ်ရလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013