DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ဦးနေမျိုးဇင်နှင့် နော်အုန်းလှတို့ကို ထပ်မံတရားစွဲရုံးထုတ်
DVB
·
February 18, 2016
နိုင်ငံရေးအကျဉ်းသား ဦးနေမျိုးဇင်နှင့် နော်အုန်းလှတို့ကို ထပ်မံတရားစွဲရုံးထုတ်
1 / 4
Donate to DVB

ထောင်တွင်းအကျဉ်းကျခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင် နဲ့ နော်အုန်းလှအပါအ၀င် ၄ ဦးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တရားရုံးမှာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ၁၈ နဲ့ ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်းကို သေနတ်မှန် သေဆုံးခဲ့ရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် လမ်းမတော် တရားရုံးက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စတင်ရုံးထုတ်ခဲ့ပြီး ဒီကနေ့ ထပ်မံ ရုံးထုတ်လာတာပါ။

ဒီကနေ့ရုံးထုတ်မှာ ဖြစ်စဉ်တခုတည်းအပေါ် မြို့နယ်အသီးသီးက တရားစွဲတာဟာ စီရင်ထုံးတွေ မျက်ကွယ်ပြုရာ မရောက်ဘူးလားလို့ မေးခွန်းထုတ်ရာမှာ တရားသူကြီးဘက်က မဖြေဆိုနိုင်ခဲ့ဘူးလို့  တရားစွဲဆိုခံရသူ ဦးနေမျိုးဇင်က ပြောပါတယ်။

“ဒီနေ့ဆိုရင် ကျနော် တရားလိုရဲကို ဥပမာတခု စမေးလိုက်တယ်ဗျာ၊ ဒီကန်ထရိုက်တိုက်တခုမှာ အောက်မှာထားတဲ့ ရေတင်တဲ့ပိုက် ၁၀ လုံးကို သူခိုးတယောက်က ခိုးတယ်ဆိုရင် ၁၀ မှုဖွင့် သလား၊ ၁ မှုဖွင့်သလားလို့မေးပါတယ်။ ရာဇသကြီးပြဋ္ဌာန်းချက်အရ ၁ မှုပဲဖွင့်ရပါတယ်တဲ့။ ဟုတ်ပြီး တချိန်တည်း တပြိုင်နက်တည်းမှာ ရည်ရွယ်ချက်တခုတည်းနဲ့ဖြစ်ပေါ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူကို ဘယ်လိုနည်းနဲ့မှ အမှုအလီလီခွဲပြီး မစွဲဆိုရဘူးဆိုရင် အခု ဒေါ်ခင်ဝင်းသတ်ဖြတ်ခံရမှု အမှုမှန်ဖော်ထုတ်ရေးဆိုတဲ့ အကြောင်းရာတခုတည်းကိုပဲ မြို့နယ်အသီးသီးဖြတ်သွားတဲ့အတွက်ကြောင့်မို့ အခုလို မြို့နယ်အသီးသီးက တရားရုံးအသီးသီးမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတာဟာ စွဲဆိုတဲ့ ရဲတပ်ဖွဲ့ရော၊ အမှုလက်ခံတဲ့ တရားသူကြီးကရော ရာဇသကြီးပါ ကျင့်ထုံဥပဒေနဲ့ စီရင်ထုံးတွေကို မျက်ကွယ်ပြုရာမရောက်နေဘူးလားလို့ ဆိုတဲ့မေးခွန်းကိုတော့ မဖြေသွားဘူးဗျာ။”

ဒီကနေ့တရားရုံးမှာ ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဦးဘမြင့်နဲ့ ဦးသန်းဆွေတို့ကို ရုံးထုတ်လာတာဖြစ်ပါတယ်။

ဒီပုဒ်မ ၁၈ အမှုတခုတည်းအတွက် ၄ မြို့နယ်က တရားဆွဲဆိုပြီး ထောင် ၅ နှစ် ချမှတ်ခံထားရပြီးဖြစ်ပေမယ့် အခု နောက်ထပ် လမ်းမတော်နဲ့ပန်းပဲတန်းမြို့နယ်မှာ ဆက်လက်တရား ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ဦးနေမျိုးဇင်အနေနဲ့  ကျောင်းသားတွေ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တုန်းက ပါဝင်လို့ဆိုပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီး၊ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုတို့နဲ့အတူ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားရုံးထုတ်ဖို့ရှိပါတယ်။

ဓာတ်ပုံ - ဟိန်းကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013