DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်ရေးဖြစ်ဖို့ ဒေါ်စုပြောမည်ဟု ယုံကြည်ကြောင်း နိုင်ဟံသာဆို
DVB
·
February 18, 2016
တပြည်လုံးအပစ်ရပ်ရေးဖြစ်ဖို့ ဒေါ်စုပြောမည်ဟု ယုံကြည်ကြောင်း နိုင်ဟံသာဆို
Donate to DVB

အပစ်အခတ်ရပ်စဲရေးဟာ တပြည်လုံးဖြစ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောလိမ့်မယ်လို့ ယုံကြည်ကြောင်း ယူအန်အက်ဖ်စီဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံမှုအပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီ စည်းဝေးပွဲတက်ရောက်နေတဲ့ နိုင်ဟံသာကို မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“တိုင်းရင်းသားတွေကြားမှာ ဖြစ်ပျက်နေတဲ့ ကွဲပြားနေတဲ့ကိစ္စတွေ လက်နက်ကိုင်ပဋိပက္ခတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လိုလားတယ်လို့ မြင်တယ်၊ အပစ်အခတ်ရပ်စဲရေး တပြည်လုံး ဖြစ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံး ပါဝင်ဆွေးနွေးဖြေရှင်းဖို့ ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြောလိမ့်မယ်လို့ ယုံကြည်တယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က တတိယအကြိမ် တွေ့ဆုံမှုအပြီး စစ်တပ်က သတင်းထုတ်ပြန်ရာမှာတော့ နှစ်ဘက် တရားဥပဒေစိုးမိုးရေးနဲ့ ထာဝရငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီဒုဥက္ကဋ္ဌ နိုင်ဟံသာက လူထုတင်မြှောက်တဲ့ အန်အယ်လ်ဒီအစိုးရကို ဗန်းပြပြီး တိုက်ပွဲတွေ ဖန်တီးလာမှာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

“အန်အယ်လ်ဒီအစိုးရသစ် တက်လာမယ်၊ လူထုအများစုက ထောက်ခံတဲ့ အစိုးရ ဖြစ်တယ်၊ အဲ့ဒီအစိုးရကို သူတို့ ဗန်းပြပြီးတော့မှ စစ်ရေးမှာ သူတို့ လိုချင်တဲ့ ပုံစံမျိုး သူတို့ လုပ်နေမယ်ဆိုရင် ဒါကလည်း ကျနော်တို့အတွက် အခက်အခဲပဲ။”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီစည်းဝေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်နေပြီး စည်းဝေးပွဲအတွင်း လတ်တလော တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့နဲ့ တအာင်း ပလောင်တပ်ဖွဲ့တို့ကိစ္စလည်း ထည့်သွင်းဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013