DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို အမြန်ဆုံးလာရောက်ရန် ၀န်ကြီးချုပ် ဖိတ်ခေါ်
DVB
·
February 18, 2016
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို အမြန်ဆုံးလာရောက်ရန် ၀န်ကြီးချုပ် ဖိတ်ခေါ်
Donate to DVB

နှစ်နိုင်ငံ ရှေ့အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ အဆောတလျင်လာရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်က ဖိတ်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဇုမီ ဟီရိုတို (Mr.Izumi Hiroto) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ရဲ့ စာချွန်လွှာကို ပေးအပ်ခဲ့တာပါ။

စာချွန်လွှာထဲမှာ မြန်မာအစိုးရသစ်လက်ထက် ဂျပန်အနေနဲ့ အများပြည်သူနဲ့ ပုဂ္ဂလိက ၂ ခုလုံးကို အပြည့်အ၀ အကူအညီပေးမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ချောမွေ့စွာ အသွင်ကူးပြောင်းရေးနဲ့ မြန်မာ့တပ်မတော် အပါအ၀င် လက်နက်ကိုင်များ ငြိမ်းချမ်းရေးအတွက် ဂျပန်အနေနဲ့ တောက်လျှောက်တိုက်တွန်း ဆောင်ရွက်လာခဲ့ပြီး ဆက်လက် ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အစိုးရသစ်ရဲ့ ချောမွေ့စွာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမယ့်ရက်ကို စိတ်အားထက်သက်စွာ မျှော်လင့်နေပြီး နှစ်နိုင်ငံ ရှေ့အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေကို နှစ်နိုင်ငံခါင်းဆောင် အချင်းချင်း ဆွေးနွေး တိုင်ပင်ဖို့အတွက် ဂျပန်နိုင်ငံကို အဆောတလျှင်လာဖို့ ဖိတ်ကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အကူညီဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အထူးကျေးဇူးတင် လေးစားကြောင်း၊ ဆက်လက်ပြီး မြန်မာပြည်သူတွေဆီကို တိုက်ရိုက်ရောက်ရှိမယ့် အကူအညီတွေ ပေးနိုင်ဖို့ တိုက်တွန်းကြောင်း၊ အထူးသဖြင့် နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက် တည်ဆောက်ရေးကို အကူအညီပေးစေလိုကြောင်းနဲ့ ရန်ကုန်မြို့ရဲ့ ကြိုတင်စီမံချက်တွေကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဇုမီ ဟီရိုတိုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေအပြင် သမ္မတဦးသိန်းစိန်ရဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013