
ရှမ်းပြည်နယ် နမ့်ဆန်မြို့က မီးဘေးဒုက္ခသည်တွေကို မြန်မာအလှမယ်တဦးဖြစ်တဲ့ မိုးစက်ဝိုင်က ဖေဖော်ဝါရီ ၁၃ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
မိုးစက်ဝိုင်တည်ထောင်ထားတဲ့ Myanmar's Heart Charity Group အဖွဲ့အနေနဲ့ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ဆေးဝါး၊ အ၀တ်အထည်၊ အမျိုးသမီးအသုံး အဆောင်ပစ္စည်းတွေ၊ ခြင်ဆေးခွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ မိုးစက်ဝိုင်က ဒီဗွီဘီကို ပြောပါတယ်။
နမ့်ဆန်ကိုသွားရောက်ချိန် ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်ကို မေးမြန်းခဲ့ပြီး ဒေသခံတွေ အနေနဲ့ တခြားအစားသောက်နဲ့ ဆေးဝါးပစ္စည်းတွေက အလှူရှင်တွေလှူဒါန်းမှုကြောင့် လုံလောက်နေပေမယ့် အိမ်ပြန်လည်တည်ဆောက်ဖို့ ဆောက်လုပ်ရေးပစ္စည်းတွေ လိုအပ်ကြောင်း ပြောပါတယ်။
Myanmar's Heart Charity Group အနေနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးဘေးသင့်ပြည်သူတွေအတွက် တအိမ်ကို ဘိလပ်မြေ ၃ အိတ်စီ လှူဒါန်းပို့ဆောင်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီ ၄ရက်က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ခြေ ၂၈၀ မီးထဲပါသွားပြီး အိမ်ထောင်စု ၃၀၀က လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ ဖြစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။











