DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်တွင် ရေးရာကော်မတီ ၃ ခု ဖွဲ့စည်း
DVB
·
February 17, 2016
ပြည်သူ့လွှတ်တော်တွင် ရေးရာကော်မတီ ၃ ခု ဖွဲ့စည်း
Donate to DVB

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ နိုင်ငံတကာဆက်ဆံရေး၊ တောင်သူ လယ်သမားနဲ့ တိုင်းရင်းသားရေးရာ ကော်မတီ ၃ ခုကို ဖွဲ့စည်းအတည်ပြုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ကော်မတီ ၃ ရပ်မှာ ပါဝင်မယ့်သူတွေ၊ လုပ်ငန်းတာဝန်တွေနဲ့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဒီနေ့ကျင်းပတဲ့ လွှတ်တော်မှာ အတည်ပြုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဖွဲ့စည်းခဲ့တဲ့ ကော်မတီ ၃ ခုအနက် နိုင်ငံတကာဆက်ဆံရေးကော်မတီနဲ့ တောင်သူလယ်သမား အလုပ်သမားနဲ့ လူငယ်ရေးရာကော်မတီ ၂ ခုမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေနဲ့ ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုတော့ ပအိုးဝ်တိုင်းရင်းသားကိုယ်စားလှယ်တဦးနဲ့ ဦးဆောင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီ သုံးခွပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ အတွင်းရေးမှူးအဖြစ် အန်အယ်လ်ဒီ စမ်းချောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးတို့ကို တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီကော်မတီမှာ ထူးထူးခြားခြား အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅ ဦးထိ ဖွဲ့စည်းတာဝန်ပေးခဲ့တာလည်း တွေ့ရပါတယ်။

တောင်သူလယ်သမား အလုပ်သမားနဲ့ လူငယ်ရေးရာကော်မတီမှာတော့ ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီ မအူပင်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ အတွင်းရေးမှူးအဖြစ် ကျောင်းကုန်းကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးသိန်းထွန်းတို့ကို တာဝန်ပေး ဖွဲ့စည်းခဲ့ပြီး ဦးသိန်းထွန်းဟာ အရင် လွှတ်တော်မှာ လယ်မြေသိမ်းဆည်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်က ပင်လောင်းကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူးအဖြစ် မြစ်ကြီးနား အန်အယ်လ်ဒီကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ကို တာဝန်ပေး ဖွဲ့စည်းခဲ့ပါတယ်။

လွှတ်တော် ၂ ရပ်စလုံး တက်ရတဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီတကြိမ်လွှတ်တော်တွင်း လွှတ်တော်ရေးရာကော်မတီတွေ ဖွဲ့စည်းတဲ့နေရာမှာ ပါတီစုံက ကိုယ်စားလှယ်တွေအပြင် တပ်ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းဖွဲ့စည်းနိုင်လို့ အရင်လွှတ်တော်ကော်မတီတွေထက် ပိုအလုပ်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းက ကော်မတီတွေမှာပါတဲ့ ပုဂ္ဂိုလ်တွေက တနည်းမဟုတ် တနည်း လုပ်ငန်းရှင်တွေနဲ့ရော အစိုးရအာဏာပိုင်တွေနဲ့ရော ထောက်ထားစရာရှိတယ်၊ အဆက်အသွယ်လည်း ရှိတယ်ဆိုတော့ အဲ့ဒါတွေကြောင့် မလုပ်နိုင်ခဲ့ဖူးပေါ့။ ဒီတခါတော့ အစိုးရကို သူတို့ ထိန်းညှိနိုင်လိမ့်မယ်၊ ပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်နိုင်မယ်လို့ မြင်ပါတယ်။”

ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ထိ အမြဲတမ်းကော်မတီ ၄ ခုအပါအ၀င် ကော်မတီ ၇ ခုနဲ့ ကော်မရှင် ၁ ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013