DVB Logo
Home
Lead Story
နောက်ဆုံးတော့ ဒိုင်ယာလော့ခ်
DVB
·
February 17, 2016
နောက်ဆုံးတော့ ဒိုင်ယာလော့ခ်
Donate to DVB

ပြီးခဲ့သည့်နှစ်ထဲတွင် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ အပွင့် ဘယ်နှဆယ်ဆိုင်တွေ လုပ်သလို မလုပ်သလို၊ လုပ်မလို မလုပ်မလိုနှင့် အချိန်ကုန်ခဲ့ပြီး ယခုတော့ တကယ် အရေးကြီးသည့် နှစ်ပွင့်တည်း တွေ့ဆုံဆွေးနွေးသည့် ဒိုင်ယာလော့ခ် စတင်ခဲ့ပြီ။

အန်အယ်လ်ဒီနှင့် တပ်မတော်။

၈၈ ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်က ဒိုင်ယာလော့ခ် ဆိုတာကို ပြောခဲ့သည်။ လူထုကိုယ်စားလှယ်နှင့် တပ်မတော်ခေါင်းဆောင်တို့ တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာဖို့ ဖြစ်သည်။

သို့သော် တပ်မတော်ခေါင်းဆောင်တို့ အနေနှင့် ဆွေးနွေးဖို့ လိုအပ်သည် ယူဆပုံမရ။ အစဉ်တစိုက်ပင် ငြင်းပယ်ခဲ့၊ လျစ်လျူရှုခဲ့သည်။

လူထုကိုယ်စားလှယ်နှင့် ဆွေးနွေးရန် ငြင်းဆန်ခြင်းသည် လူထုဆန္ဒကို အရေးတယူမပြုသော သဘောဟု ဆိုနိုင်သည်။ တနည်းပြောသော် ထိုစဉ်က တပ်မတော် ခေါင်းဆောင်တို့၏ သဘောထားက ဒီမိုကရေစီဆိုတာနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်ခဲ့လိမ့်မည်ဟု ယူဆရသည်။

နောက်ပိုင်းမှာတော့ လူထု၏ အစဉ်တစိုက် တောင်းဆိုမှုကို မသိကျိုးကျွန်ပြုဖို့ ခက်လာဟန်တူသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးကာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး” ဆိုတာကို ပြောဆိုလာသည်။

တနည်းပြောသော် လူထု သို့မဟုတ် လူထုကိုယ်စားလှယ်နှင့် တိုက်ရိုက် ဆွေးနွေးမှုမပြုဘဲ တစုံတရာ လိုက်လျော အလျှော့ပေးလာသော သဘောဖြစ်သည်။

သို့သော် ဒီမိုကရေစီ၏ အဓိပ္ပာယ်အစစ်က “လူထု အုပ်စိုးမှု” သို့မဟုတ် “လူထု ရွေးကောက်တင်မြှောက်သော လူထု ကိုယ်စားလှယ်များ အုပ်စိုးမှု”။

အဲသည်လောက်အထိလည်း ၎င်းတို့ လက်ခံနိုင်ပုံမရ။ အဲဒါဆိုလျှင် လူထုအောက်တွင် မိမိတို့ ရောက်သွားမည်ဟု စဉ်းစားဟန်တူသည်။ ထို့ကြောင့် “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ကို “အစဉ်တစိုက် ဦးတည်” ကြောင်း ဖွဲ့စည်းပုံထဲတွင် အတိအလင်း ထည့်သွင်းရေးသားသည်။

တပ်မတော်က မဆွေးနွေး။ သို့သော် နိုင်ငံရေး အရိပ်အကဲ သို့မဟုတ် ပကတိ နိုင်ငံရေး အနေအထားကို ကြည့်ကာ ချိန်ဆ ပြောင်းလဲနေသော သဘော။

၂၀၁၅ နိုဝင်ဘာမှာတော့ အချိန်အဆ နည်းနည်း ပျက်သွားသည်ဟု ထင်သည်။

တပ်မတော် စိတ်တိုင်းကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံဖြင့်ပင် ရွေးကောက်ပွဲဝင်ကာ အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရပြီး လွှတ်တော်ကို ကြီးစိုးနိုင်၊ အစိုးရဖွဲ့နိုင်သော အနေအထား ရောက်လာသည်။ သည်အတိုင်းအတာအထိ ဖြစ်လိမ့်မည်ဟု တပ်မတော်က မျှော်လင့်ခဲ့ပုံမရ။ သို့သော် ဖြစ်လာပြီ။

အန်အယ်လ်ဒီနှင့် ပူးတွဲကာ တိုင်းပြည်ကို စီမံခန့်ခွဲရမည့် အနေအထား ရောက်လာပြီ။

ထို့ကြောင့် ယခုတော့ နှစ်ပွင့်ဆိုင် ဆွေးနွေးပွဲ စကြရပြီ။ တပ်မတော်နှင့် အန်အယ်လ်ဒီအကြား နိုင်ငံရေး ဆွေးနွေးပွဲ (political dialogue)။

ဘာတွေ ဆွေးနွေးကြမည်လဲ။ ဘာတွေ ဆွေးနွေးနေကြသလဲ။

အဲဒါသည် သည်ကနေ့ ပြည်သူလူထု အသိချင်ဆုံး အရာဖြစ်သည်။ ပြည်သူကို မိမိတို့ သိသမျှ ဖောက်သည်ချနေသည့် သတင်းသမားတို့ အသည်းအသန် သိချင်နေကြသော အရာလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလား။ အဲသည်လို ဖြစ်နိုင်ရန်အတွက် ဥပဒေနှင့် ညီညွတ်သည့် မည်သည့် ပြင်ဆင်ချက်မျိုး တပ်မတော်ဘက်က လိုက်လျော ဆောင်ရွက်ပေးမည်လဲ။

တဘက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်ထပ် ၅ နှစ် သက်တမ်းတိုးသည့် သတင်း ထွက်ပေါ်နေသည်။ အဲဒါသည်ကော တွေ့ဆုံဆွေးနွေးမှုနှင့် ဆက်စပ်မှု ရှိသလား။

ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ရာထူးများ တပ်ဘက်က တောင်းသည်ဟု သတင်းထွက်ပေါ်သည်။ မဟုတ်ဘူးဟူ၍ ပြောကြတာလည်း ရှိသည်။

သို့သော် တွေ့ဆုံဆွေးနွေးမှုသည် ထိပ်သီးချင်း လျှို့ဝှက်တွေ့ဆုံမှုမျိုးဖြစ်ရာ ပြင်ပသို့ တိကျမှန်ကန်သော သတင်းများ ထွက်လာဖို့တော့ မလွယ်။ တစွန်းတစ ပေါက်ကြားလာသည်များအပေါ် အခြေခံ၍ ချင့်တွက် ခန့်မှန်းခြင်းသာဖြစ်ရာ အဖြေမှန်များကား မတ်လ နှောင်းပိုင်းလောက်တွင်သာ ပေါ်ပေါက်စရာ ရှိသည်။

မည်သို့ဖြစ်စေ လွဲချော်နိုင်သော အသေးစိတ်တို့ကို အသာထား၍ သဘောတရားကို ပြောရသော်၊

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရသော နိုင်ငံရေး အကူးအပြောင်းတရပ် ချောမွေ့ညင်သာဖို့ဆိုလျှင် နှစ်ဘက် ထိပ်သီးချင်း တွေ့ဆုံညှိနှိုင်းကာ အလျှော့အတင်း အပေးအယူပြုခြင်းသည် သင့်တော် ကောင်းမွန်သော နည်းလမ်း သို့တည်းမဟုတ် တိုင်းပြည်အတွက် ထိခိုက်နာကျင်မှု အနည်းဆုံး နည်းလမ်းတရပ် ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤတွင် အရေးကြီးသည်က နှစ်ဦးနှစ်ဘက် ထားရှိအပ်သည့် သဘောထားဖြစ်သည်။

ဘက်တို့၏သဘောမှာ သူနိုင် ငါနိုင် ဆိုတာ ရှိသည်။ သူ ရတာများပြီး ငါ ရတာ နည်းသလား။ သူက ဟိုဟာ မလျှော့လျှင် ငါက သည်ဟာ ဘာကြောင့် လျှော့ပေးရမလဲ ဆိုတာမျိုး စဉ်းစားတတ်သည်။ အဲဒါသည် အများသူငါတို့၏ သဘော။ သာမန်စိတ်ထားရှိသည့် လူတဦးချင်းများ လူအစုအဖွဲ့များ၏ သဘော။

ယခုကိစ္စတွင် အဲသည် သဘောထားမျိုးလောက်သည် မသင့်တော်။

ယခုကိစ္စက ကြီးကျယ်မြင့်မားသော ကိစ္စဖြစ်သည်။ နိုင်ငံ၏ လတ်တလော တည်ငြိမ်အေးချမ်းရေး၊ ရေရှည် သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ရေး ပြဿနာ၊ နိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်သိက္ခာပြဿနာလည်း ဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ ရှိသည့် စည်းလုံးညီညွတ်သော နိုင်ငံတော် တည်ဆောက်နိုင်ရေး အခြေခံ စချသည့် ကိစ္စလည်း ဖြစ်သည်။

သည်ကိစ္စမျိုးတွင် သာမန်ထက် ကြီးကျယ်မြင့်မားသော စိတ်သဘောထားမျိုး လိုအပ်ပေမည်။ မိမိအကျိုး၊ မိမိပါတီ သို့မဟုတ် အဖွဲ့အစည်း အကျိုးထက် နိုင်ငံနှင့်လူမျိုး အကျိုးကို ရှေးရှုသော စိတ်သဘောထားများဖြင့်သာ သည်ကနေ့ တွေ့ဆုံဆွေးနွေးမှုများမှ တင့်တယ်သော၊ ဂုဏ်သရေရှိသော ချီးမွမ်းလောက်ဖွယ်သော သဘောတူညီချက်များ ထွက်ပေါ်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း တင်ပြအပ်ပါသည်။

ဖေမြင့်

(ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၃၊ ဖေမြင့် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013