DVB Logo
Home
မြန်မာသတင်း
အနာဂတ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ဆွေးနွေး
DVB
·
February 17, 2016
အနာဂတ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ဆွေးနွေး
1 / 3
Donate to DVB

အနာဂတ်မှာ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး အပါအ၀င် လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာတွေအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံတကာ ပညာရှင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ  လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အသွင်အကူးအပြောင်းကာလမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး မြန်မာ့တပ်မတော် အပါအဝင် လုံခြုံရေးနဲ့ ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုသွားသင့်သလဲ ဆိုတာတွေ နိုင်ငံတကာ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက “အန်ကယ်တို့ ဖြစ်ချင်တာကတော့ ပြည်ထောင်စုတပ်မတော်ပုံစံ။ ဒါပေမယ့် အစိုးရတပ်မတော်က လက်ရှိ တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီးသား၊ ဒါက ပြည်ထောင်စုတပ်မတော်ပဲ၊ ပြင်စရာမလိုဘူးဆိုတဲ့ ပုံမျိုး။ တိုင်းရင်းသားတမျိုးနဲ့ တမျိုးက ယုံကြည်မှု မရှိသေးဘူး။ လက်ရှိအစိုးရအပေါ်မှာ ဘယ်လိုမှ ယုံကြည်မှု မရှိနိုင်သေးဘူး။ အဲ့တော့ တိုင်းရင်းသားတွေဘက်က ကိုယ့်တပ်တွေကို လုံးဝဖျက်သိမ်းပြီးတော့မှ အစိုးရတပ်တခုတည်း ထားတဲ့ပုံစံမျိုး လက်မခံနိုင်ဘူး။ အဲ့လိုအခြေအနေမှာ နည်းလမ်းရှာနိုင်ဖို့ ဆွေးနွေးပွဲလုပ်တာပါ” လို့ ပြောပါတယ်။

အခုဆွေးနွေးပွဲဟာ အစိုးရစစ်တပ်က ဖြစ်စေချင်တဲ့ ဒီဒီအာ ခေါ် လက်နက်ဖြုတ်သိမ်းရေးကို မလိုလားတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နည်းလမ်းရှာဖွေနိုင်အောင် ဆွေးနွေးကြတာဖြစ်ပြီး အဖြေထုတ်တာထက် နိုင်ငံတကာက ပညာရှိတွေရဲ့ အတွေ့အကြုံတွေကို လေ့လာတာလို့ ပြောပါတယ်။

ပြည်ပ ပညာရှင်တွေအနေနဲ့ နီပေါ၊ မြောက်အိုင်ယာလန်၊ အိန္ဒိယနဲ့ ဗြိတိန်တွေက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က “ဒီ ၃ ရက်တာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နီပေါကလာတဲ့ ဗိုလ်ချုပ်ဟောင်းတယောက်ရဲ့ နီပေါမှာလုပ်ခဲ့တဲ့ အစီအမံနဲ့ ပတ်သက်လို့ လေ့လာရတဲ့အခါမှာ အက်စ်အက်စ်အာ၊ ဒီဒီအာနဲ့ ပတ်သက်ပြီး အက်စ်အက်စ်အာ၊ ဒီဒီအာလို့ မပြောဘူး၊ ဒီ တို့မှာလည်း ဒီလို ညှိလို့မရတဲ့ ကိစ္စလိုမျိုးပဲ သူတို့မှာ အခက်အခဲရိှတယ်။ သူတို့ တခြားနည်းနဲ့ ပြောင်းပြီးလုပ်တယ်ဆိုတဲ့ နည်းဟာလည်း နည်းလမ်းကောင်းတခုလိုပဲ မှတ်ယူတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ လာမယ့် အစိုးရသစ်လက်ထဲမှာ ဖြစ်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိစ္စတွေကိုလည်း ပြည်တွင်းပညာရှင်တွေအနေနဲ့ ရှေ့နေကြီး ဦးအောင်ထူးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွန့်လွင်တို့ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) မှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (အေအန်ပီ)၊ လားဟူ ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)၊ ၀ အမျိုးသားအဖွဲ့ချူပ် (ဒဗလျူအန်အို)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်) စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013