
မြန်မာနိုင်ငံကနေ ပြည်ပကို ကျောက်စိမ်းရောင်းချရမှုကနေ အခုလက်ရှိ ဘဏ္ဍာနှစ် ပထမ ၉ လ တာကာလအတွင်း အမေရိကန် ဒေါ်လာ ၅၆၇ သန်းရရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်စတင်တဲ့ ဧပြီကနေ ဒီဇင်ဘာအတွင်း နယ်စပ်ကုန်သွယ်ရေးကနေ ကျောက်စိမ်း ဒေါ်လာ ၃၀၅ သန်းဖိုးရောင်းရပြီး ညှိနှိုင်းရောင်းဝယ်တာကနေ ဒေါ်လာ ၂၆၂ သန်း ရောင်းချခဲ့ရတာလို့ ဆိုပါတယ်။
အဆိုပါကာလအတွင်း ကျောက်စိမ်းအပါအ၀င် သတ္တုတွင်းကဏ္ဍကနေရတဲ့ ၀င်ငွေ စုစုပေါင်းကတော့ ကန်ဒေါ်လာ ၈၉၅ သန်းရှိပြီး လက်ရှိဘဏ္ဍာနှစ် တနှစ်လုံးဆိုရင်တော့ ဒေါ်လာ သန်း ၁၀၀၀ ကျော်ဝင်ဖို့ အစိုးရက မျှော်မှန်းထားတယ်လို့ရေးပါတယ်။
အစိုးရထုတ်ပြန်တဲ့တရားဝင် စာရင်းဇယားတွေအရ မြန်မာနိုင်ငံရဲ့ သတ္တုတွင်းကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏက စီမံကိန်းပေါင်း ၇၀ လောက်မှာ အမေရိကန် ဒေါ်လာ ၂ဒသမ ၈၇ ဘီလီယံရှိတယ်လို့ သိရပါတယ်။











