DVB Logo
Home
မြန်မာသတင်း
ကရင် ၅ ပါတီ ၁ နှစ်အတွင်း ပေါင်းစည်းမည်
DVB
·
February 16, 2016
ကရင် ၅ ပါတီ ၁ နှစ်အတွင်း ပေါင်းစည်းမည်
Donate to DVB

မြန်မာနိုင်ငံအနှံ့ကွဲပြားနေတဲ့ ကရင်နိုင်ငံရေးပါတီ ၅ ပါတီကို ဖျက်သိမ်းပြီး တနှစ်အတွင်း တပါတီတည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းဖို့ အစီအစဉ်ရှိနေပါတယ်။

ကရင်ပါတီတွေ ပေါင်းစည်းနိုင်ရေးအတွက် မူတွေချမှတ်နိုင်အောင်လာမယ့် ဖေဖော်ဝါရီ ၂၇နဲ့ ၂၈ရက်တွေမှာ ကရင်ပြည်နယ် ဘားအံမြို့မှာ အစည်းအဝေး ကျင်းပမှာဖြစ်တယ်လို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောပါတယ်။

“ပါတီပေါင်းစည်းရေးလုပ်ရမယ့်အပိုင်းမှာ ကျနော်တို့မှာ ပါတီမူဝါဒရှိတယ်။ မူဝါဒတွေကိုလည်း ရေးဆွဲဖို့လိုမယ်။ နောက်တခါ ပါတီရဲ့ လိုဂို (အမှတ်တံဆိပ်) တခုတည်း ဖြစ်တဲ့အခါကျရင် ပါတီရဲ့ နာမည်ရွေးချယ်တာတို့ အဲဒါတွေကို ကျနော်တို့က တပါတီ ၆ ယောက်စီနဲ့ ၅ ပါတီပေါင်း အယောက် ၃၀ ကနေပြီတော့ ဒီတနှစ်အတွင်း သို့မဟုတ် တနှစ်ခွဲလောက်အတွင်းမှာ ကျနော်တို့ ပေါင်းစည်းဖို့ကြိုးစားရမယ်။ အဲဒီအချိန်မှာ ကျနော်တို့က တပါတီထဲဖြစ်သွားပြီ ဆိုလို့ရှိရင် မိမိရှိပြီးသား ပါတီအကုန်လုံးကို ကျနော်တို့က ပြန်ပြီး ဖျက်သိမ်းရမှာပေါ့နော်။ ”

ပါတီပေါင်းစည်းရာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များဖြင့် တည်ထောင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးနဲ့ မည်သည့်ပါတီအဖွဲ့အစည်းတခုခုရဲ့ သြဇာခံ မဖြစ်စေရဆို တဲ့ အခြေခံမူ ၃ ချက်ချမှတ်ပြီး ပေါင်းစည်းရေး လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအချက်တွေကို ကရင်ပါတီတွေအနေနဲ့ ပြီးခဲ့တဲ့အစည်းအဝေးမှာမူအားဖြင့် လက်ခံခဲ့ကြ တဲ့အတွက် ပေါင်းစည်းဖို့အတွက် စတင်လုပ်ဆောင်ရတာလို့လည်း မန်းကျော်ငြိမ်းက ပြောပါတယ်။

ကရင်ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ကရင်ပါတီတွေတပါတီတည်း ပေါင်းစည်းရေး အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ပေါင်းစည်းရေး အခြေခံမူတွေကို ချမှတ်ခဲ့တာပါ။

ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကတော့ မဲဆန္ဒရှင်ပြည်သူတွေ ကရင်ပါတီကို မဲပေးရာမှာ မေ၀၀ါးအောင် အဓိကရည်ရွယ်ပေါင်းစည်းတာဖြစ်တယ်လို့ ပြောပါတယ်။
“ကရင်ပြည်သူတွေရော၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ တောင်းဆိုချက်ပေါ့ အဲဒါက အဓိက ပါပါတယ်။ နောက်ပြီးတော့ တပါတီထဲရှိလို့ရှိရင် မဲဆန္ဒရှင်တွေလည်း မေ၀၀ါးတော့ဘူးပေါ့။ ကရင်ကိုထည့်ရင် ဘယ်ကရင်ပါတီကို ထည့်မလဲဘာညာ ခွဲခြားဖို့မလိုတော့ဘူးပေါ့နော်။ နောက်ပြီးတော့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးခဲ့တာ လည်းပါတယ်ပေါ့ လေ။ ဘာကြောင့်ရှုံးလဲဆိုတာ အဲဒါကြောင့်လို့ ဝေဖန်သုံးသပ်ကြတာကို အဲဒါကြောင့်လည်း ပါတာပေါ့။ ”

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကရင် တိုင်းရင်းသား ကိုယ်စားပြုပါတီ ၅ပါတီကတော့ ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီ နှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)နဲ့ ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)တို့ဖြစ်ပါတယ်။

ဒီပါတီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပေမယ့် ကရင်ပြည်သူ့ပါတီက ပြည်နယ်လွှတ်တော် ၁ နေရာက လွဲရင် ကျန်နေရာ အားလုံးရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013