DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ထွက်ပြေးလာ
DVB
·
February 15, 2016
ကျောက်မဲမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ထွက်ပြေးလာ
1 / 8
Donate to DVB

တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ အာရ်စီအက်စ်အက်စ်ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ကြား လတ်တလောတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ရွာသားပေါင်းထောင်ချီ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာနေပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နောက်ထပ်ရောက်လာတာနဲ့ဆိုရင် ရွာသားပေါင်း ၂၆၀၀ ကျော်သွားပြီဖြစ်ပြီး သူတို့ကို ကျောက်မဲမြို့ပေါ် ဘုန်းကြီးကျောင်း ၇ ကျောင်းနဲ့ ဘိုးဘွား ရိပ်သာတွေမှာ နေရာချထားပေးတယ်လို့ ကျောက်မဲမြို့နယ် ဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ဘေးရှောင်သူတွေက နေ့တိုင်းလို ထပ်ထပ်ပြီး ရောက်လာပါတယ်။ မနေ့ညကလည်း ထပ်လာကြတယ်။ စာရင်းအရ စုစုပေါင်း ၂၆၀၀ ကျော်တယ်။ နောက်ထပ်လာဖို့လည်း ရှိသေးတယ်။ လာလို့မရဘဲ ပိတ်မိနေတဲ့ ရွာတွေလည်း ရှိတယ်။ ဥပမာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ညောင်မောင်းရွာဆို ပလောင်တပ်က ဘယ်မှပေး မသွားဘူးလို့ ပြောတယ်။”

ထွက်ပြေးလာသူတွေဟာ ကျောက်မဲမြို့နယ် တော့ဆန်၊ ပါခါး၊ ညောင်ပန်လှ၊ ကလောင်းဝမ်း၊ တောင်ပို့လို့၊ ကန့်ဟိန်း၊ တွန့်ခန့်၊ ၀မ့်မိုင်၊ ကန့်ကန်အုပ်စု စတဲ့ကျေးရွာတွေကဖြစ်ပြီး ရှမ်း၊ ပလောင်နဲ့ တခြားတိုင်းရင်းသားပေါင်းစုံပါဝင်ပါတယ်။

လောလောဆယ် ဒုက္ခသည်တွေကို သီဟို၊ အောင်ဆုပန်၊ ရေဦး၊ နမ့်ဆီလင်း၊ ရှမ်းကျောင်းကြီး၊ ကန်မိုင်း စတဲ့ကျောင်းတိုက်တွေမှာရော ဘိုးဘွားရိပ်သာမှာပါ နေရာချထားပေးပြီး ကျောက်မဲ မြို့ပေါ်မှာလည်း ကယ်ဆယ်ရေးအလှူခံဌာန စခန်း ၃ ခု ဖွင့်လှစ်ကာ ကူညီထောက်ပံ့ပေးထားပါတယ်။

ရွာသားတွေဟာရွာထဲကို လက်နက်ကြီးကျပြီး မီးလောင်တာကြောင့် ထွက်ပြေးလာကြပြီး ရွာသားအနည်းဆုံး ၆ ဦး လက်နက်ကျည်ထိကာ လောလောဆယ် ကျောက်မဲဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆို ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ကျောက်မဲဆေးရုံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ရာမှာတော့ ဒဏ်ရာရသူ ၇ ဦး ဆေးရုံကို ရောက်လာတယ်လို့ တာဝန်ကျ ၀န်ထမ်း တဦးကဖြေပြီး အသေးစိပ်ကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်မရပ်ရသေးတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား နယ်မြေပြဿ နာကြောင့် ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစ ကနေ့ထိ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Tin Maung Thein

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013