
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ပဲခူးတိုင်းလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။
အဲဒီအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့ကတော့ ရေးရာကော်မတီတွေ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ အရင်လွှတ်တော်လက်ထက်မှာ ကျန်နေခဲ့တဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အခုလို ရှင်းပြပါတယ်။
ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် က “ပထမ လွှတ်တော်သက်တမ်းမှာ ပြုလုပ်ဖို့ ကျန်နေခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥပဒေ (၃) ရပ် မပြီးပြတ်သေးတာတွေ ကျန်နေခဲ့ပါတယ်။ အဲဒါတွေကို ပြီးပြတ်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက်ထပ် ပြင်စဉ်ရန်၊ ဖျက်သိမ်းရန်၊ ပြဋ္ဌန်းရန်တွေကိုလည်း ဆက်လက်ပြီး ကျွမ်းကျင်တဲ့ ရေးရာကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။
ဒီနေ့လွှတ်တော်ကို တက်ရောက်ခွင့်ရှိတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၇၆ ယောက်စလုံး တက်ရောက်ခဲ့ပြီး ရေးရာကော်မတီ ၉ ခု ဖွဲ့စည်းနိုင်ခဲ့ပါတယ်။










