အိုမန်ဆိပ်ကမ်းအနီး ရေမြှုပ်မိုင်းထိပြီး ရေနံတင်သင်္ဘော ပေါက်ကွဲ

အိုမန်နိုင်ငံ၊ ခါဆပ်ဆိပ်ကမ်းအဝင်ဝမှာ ရေနံတင်သင်္ဘောတစင်း ရေမြှုပ်မိုင်းတွေနဲ့ တိုက်မိပြီး နောက်မှာ ပေါက်ကွဲ မီးလောင်ကျွမ်းသွားတယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
အဲဒီသင်္ဘောဟာ အမေရိကန်စစ်တပ်ရဲ့ အကူအညီနဲ့ ဟော်မုဇ်ရေလက်ကြားထဲက ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတခုကနေ ဖြတ်သန်းဖို့ ကြိုးပမ်းရင်း အခုလို ရေမြှုပ်မိုင်းတွေကို တိုက်မိခဲ့တာလို့ IRGC ရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ ဆီပါနယူးစ်မှာ ဖော်ပြထားတဲ့ ရေတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေ့ဒေသအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ သင်္ဘောတွေ သွားလာ လှုပ်ရှားမှု မှန်သမျှဟာ သူတို့ရဲ့ စောင့်ကြည့်ထောက်လှမ်းမှုကနေ လွတ်မြောက်မှာ မဟုတ်ဘူးလို့ လည်း သတိပေးထားပါတယ်။
အခုလို ရေနံတင်သင်္ဘောတွေ ရေမြှုပ်မိုင်း တိုက်မိရတာဟာ ရေလက်ကြားအတွင်း သင်္ဘောသွား လာရေး စည်းမျဉ်းတွေကို ချိုးဖောက်တာ၊ ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကို အသုံးပြုတာနဲ့ အမေရိကန်စစ်တပ်က ဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အားကိုးယုံကြည်မိတာတွေ ကြောင့်ဖြစ်ပြီး အမေရိကန်က အမှားအယွင်းတွေ ပြောဆိုထားတာလို့ အီရန်ရေတပ်က ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ပိုင်နက်အတွင်း တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ဟာ အဲဒီရေလက်ကြားအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်လိုက်ပြီး အစ္စရေးနဲ့ အမေရိကန်တို့ ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်း သွားလာ ခွင့်ကို ပိတ်ပင်တားမြစ်ထားတာ ဖြစ်ပါတယ်။
Source: Reuters











