DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် စစ်တပ် အာဏာလွှဲပြောင်းရေး ဆွေးနွေးမှု တင်းမာမှုရှိဟုဆို
DVB
·
February 13, 2016
အန်အယ်လ်ဒီနှင့် စစ်တပ် အာဏာလွှဲပြောင်းရေး ဆွေးနွေးမှု တင်းမာမှုရှိဟုဆို
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြား ဒီမိုကရက်တစ် အစိုးရအပြောင်းအလဲ ဆွေးနွေးမှုမှာ အခက်အခဲတွေ ရှိနေပါတယ်။

အာဏာခွဲဝေရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးမှုတွေမှာ တင်းမာမှုတွေ ဖြစ်လာတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။

ရခိုင်၊ ရှမ်း၊ ကချင်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေက ၀န်ကြီးချုပ် ရာထူးကို စစ်တပ်က တောင်းဆိုနေတယ်လို့လည်း ဆိုပါတယ်။

ရှမ်းနဲ့ ကချင်ပြည်နယ်တွေဟာ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းမှောင်ခိုစတဲ့ တရားမ၀င်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အခြေစိုက်ရာ ပြည်နယ်ဖြစ်ပါတယ်။

ဒီပြည်နယ်တွေကို ထိန်းချုပ်ခွင့်ရတာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်ရေး ဦးစားပေးလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အရေးပါတယ်။

ဒါအပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်းကို ခန့်အပ်လိုက်တာဟာ မယုံကြည်မှုကို ပိုမိုဖြစ်လာစေတယ်လို့ တချို့က ပြောဆိုတယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒါဟာ အစိုးရဟောင်းအဖွဲ့ဝင်တွေအတွက် စိုးထိတ်မှုတခုဖြစ်လာနိုင်တဲ့အတွက် စစ်တပ်ရဲ့ အားကို အသုံးပြု ကာကွယ်ဖို့ကြိုးစားနေတယ်လို့ အမည်မဖော်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တဦးကို သတင်းက ကိုးကားပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ကော်မရှင်က ကျွမ်းကျင်သူတွေကို အသုံးပြုပြီး ဥပဒေတွေကို ပြန်လည် ပြင်ဆင်မယ်၊ အစိုးရရဲ့ သဘောတူညီချက်တွေကို ပြန်စစ်ဆေးမယ်ဆိုရင် ဒီရွေးချယ်မှုဟာ ဦးသိန်းစိန် အစိုးရဟောင်းအဖွဲ့ဝင်တွေကို ပြဿနာ ဖြစ်လာနိုင်တယ်လို့ အမတ်တွေက ပြောတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ စစ်အစိုးရခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကို အာရုံမစိုက်ဘူးလို့ အာမခံခဲ့တဲ့ အတွက် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ အနာဂတ်တိုင်းပြည် ခေါင်းဆောင်အဖြစ် ထောက်ခံချက်ပေးခဲ့ပါတယ်။

သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူတွေကို တစုံတရာ တရားစွဲဆိုခြင်းကနေ ကင်းလွှတ်တဲ့ ဥပဒေကို အရင်ရက်ပိုင်းအတွင်းကပဲ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ သမ္မတတဦးတည်းသာ ကင်းလွှတ်ခွင့်ပေးထားတာ ဖြစ်ပြီး ၀န်ကြီးတွေကို ကင်းလွှတ်ခွင့် မပေးထားဘူးလို့ ဆိုပါတယ်။

ဒါအပြင် မြန်မာမှာ အရေးပါတဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေရှိတဲ့ တရုတ်ကလည်း သူရဲ့ သြဇာကို ကာကွယ်ဖို့ စိုးရွံမှုတွေ ရှိနေတယ်လို့ အန်အယ်ဒီခေါင်းဆောင် ဦးဝင်းထိန်ကို ကိုးကားရေးသားပါတယ်။

စီးပွားရေးကိစ္စတွေ သမ္မတအကြောင်းအရာတွေနဲ့ ပက်သက်ပြီး ပြောဆိုဆွေးနွေးဖို့ အတွက် တရုတ်အစိုးရ ကိုယ်စားလှယ်နဲ့ စီးပွားရေးအဖွဲ့တွေက သူတို့ဆီကို အလွန်အမင်း လာရောက်နေတယ်လို့ ပြောပါတယ်။

ဧပြီလ ၁ ရက်မှာ အစိုးရသစ်က စတင် တာဝန်ယူမှာဖြစ်ပြီး မတ် ၁၇ ရက်နေ့ကျရင် လွှတ်တော်တွေမှာ ဒု သမ္မတလောင်းတွေ တင်သွင်းဖို့အတွက် အစည်းအဝေးတွေကို  စတင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013