DVB Logo
Home
မြန်မာသတင်း
အလုပ်လုပ်ခွင့်စာအုပ် သက်တမ်းတိုးပေးရေးကိစ္စ ထိုင်း-မြန်မာ ဆွေးနွေး
DVB
·
February 12, 2016
အလုပ်လုပ်ခွင့်စာအုပ် သက်တမ်းတိုးပေးရေးကိစ္စ ထိုင်း-မြန်မာ ဆွေးနွေး
Donate to DVB

အလုပ်လုပ်ခွင့် စာအုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ထိုင်းနိုင်ငံက  မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးဌာန အတွင်းဝန် ဦးမျိုးအောင်၊ ထိုင်းနိုင်ငံက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းအာရပ် ဖရူန်းမဏီး ဦးဆောင်တဲ့ နှစ်နိုင်ငံ အလုပ်သမားဆိုင်ရာ တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင် ပတ္တယားမြို့ ဟာရီကစ်ရှ်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ ၁၄ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးနေကြတာပါ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆွးနွေးပွဲကို မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲထိ ကျင်းပခဲ့ပြီး နှစ်နိုင်ငံအလုပ်သမားခန့်ထားရေး စာချွန်လွှာ နဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူ ရွှေ့ပြောင်းအလုပ်သမား သံအရာရှိ ဦးလှထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ ကတော့ အမ်အိုယူ ၂ နိုင်ငံ အလုပ်သမားခန့်ထားရေး စာချွန်လွှာကိစ္စ၊ ၄ နှစ်သက်တမ်းပြည့် အလုပ်သမားကိစ္စနဲ့ ၆ နှစ်သက်တမ်းပြည့် အလုပ်သမားကိစ္စတွေ ဆွေးနွေးကြပါတယ်။ ရှေ့ဆက်ဘယ်လိုဆက်ပြီး ဆောင်ရွက်ကြမလဲဆိုတာတွေပေါ့။ ဆုံးဖြတ်ချက်ချတာတော့ မရှိသေးဘူး၊ အစည်းအဝေးက မပြီးသေးဘူး၊ နောက်ထပ် ၂ ရက်  ကျန်သေးတယ်။”

မြန်မာအလုပ်သမားအတွင်းဝန်ဟာ  ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့  မဆွေးနွေးခင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးချက်ထဲ ပါဝင်စေလိုတဲ့ အချက်အလက်တွေ ကောက်ယူခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၇ ဖွဲ့လောက်ကလည်း အလုပ်သမားများ လိုလားချက်တွေ တင်ပြခဲ့တယ်လို့  မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အဖွဲ့ကလည်း ၆ နှစ်ဗီဇာပြည့်အလုပ်သမားတွေ သက်တမ်းတိုးရာမှာ လွယ်ကူချောမွေ့သက်သာပြီး အဆင်ပြေစေဖို့၊ ၄ နှစ်ဗီဇာပြည့် အလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံထဲမှာဘဲ ဗီဇာတိုးခွင့်ရဖို့၊ မတ်လကုန်မှာ သက်တမ်းကုန်မယ့် ပန်းရောင် အလုပ်သမားကတ်တွေအတွက် ယာယီ ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့၊ ကုန်ကျစရိတ်တွေမှာ နိုင်ငံတော်ကို ပေးသွင်းရမယ့်အတိုင်း သက်သာစွာပေးသွင်းရဖို့၊ အလုပ်သမားတွေအပေါ်မှာ မတရားအမြတ်ထုတ်နေတဲ့ ပွဲစားတွေကို ထိရောက်စွာ အရေး ယူပေးဖို့ စတဲ့အချက်တွေ တင်ပြခဲ့ပါတယ်။ တခြားအဖွဲ့တွေလည်း အလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားအဖြစ် လုပ်ကိုင်ခွင့်ရရေး၊ လူမှုဖူလှုံရေးအာမခံရရှိရေး၊ အလုပ်သမားတွေဆီကနေ မတရားအမြတ်ထုတ် ငွေကောက်ခံနေတဲ့ ကိစ္စတွေ တင်ပြခဲ့ကြတယ်။”

ဒီကနေ့ဆွေးနွေးပွဲမှာတော့ မြန်မာအစိုးရဘက်က အတွင်းဝန် ဦးမျိုးအောင်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်း အင်အားဦးစီးဌာနက တာဝန်ရှိသူတွေရော၊ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နဲ့ အလုပ်သမားသံအရာရှိတွေပါ တက်ရောက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေ တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013