DVB Logo
Home
မြန်မာသတင်း
အယ်နီညိုသတိပေးချက် လယ်ဆည်ဌာနထုတ်ပြန်
DVB
·
February 11, 2016
Donate to DVB

အခုနှစ် နွေရာသီ မြန်မာနိုင်ငံမှာ အယ်နီညိုရာသီဥတု သက်ရောက်မှုရှိနိုင်ပြီး အပူချိန်မြင့်မားခြောက်သွေ့၊ ရေရှားပါးမှုနဲ့ ကြုံရနိုင်လို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေနဲ့ တောင်သူလယ်သမားတွေ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းချက်တွေ ထဲမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ စနစ်တကျချွေတာသုံးစွဲဖို့၊ နွေးစပါးစိုက်ပျိုးရာမှာ သက်လတ်နဲ့ သက်ကြီး စပါးမျိုးတွေမသုံးဘဲ ရေလိုအပ်ချက်နည်းတဲ့ သက်တမ်းတို အထွက်ကောင်း စပါးမျိုးတွေဖြစ်တဲ့ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ပုလဲသွယ်၊ ရက် ၉၀  စတဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုးဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိအောင် လယ်ကြားမြောင်းစနစ် ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ လယ်ကန်သင်းစိမ့်ပေါက် ယိုပေါက်တွေ မရှိစေရေး အမြဲစစ်ဆေးဖို့၊ ရေရရှိနိုင်မှုနည်းပါးတဲ့ ဧရိယာတွေမှာ နွေနှမ်း၊ ပဲတီစိမ်းသီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။

အခုနှစ်နွေရာသီဟာ အရင်နှစ်ကထက် ပိုမိုအပူချိန်မြင့်တက်နိုင်တယ်လို့ မိုးဇလဌာန အထက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အယ်နီညိုရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံဒေသတွေမှာ ၂၀၁၆ နွေရာသီဟာ ပုံမှန်ထက် အပူလွန်ကဲနိုင်တယ်။ ပုံမှန်ထက် အပူချိန်တွေ ပိုမိုမြင့်တက်နိုင်တယ်။ မိုးရွာသွန်းမှုနည်းပါးပြီးတော့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးမော်ဒယ်တွေနဲ့ နိုင်ငံတာရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနတွေကတော့ တညီတညွတ်တည်း ထုတ်ပြန်ထား ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်အတွင်း မြို့ပေါင်း ၃၅ မြို့လောက်ကို စောင့်ကြည့်လေ့လာရာမှာ  ဆယ်စုနှစ်တခုတိုင်းတခုတိုင်း အပူချိန် ၀ ဒသမ၂ ဒီဂရီ  ဆက်တိုက်တိုးလာတာ လေ့လာတွေ့ရှိရှိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ မေလ ၁၄ ရက်က  စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ အပူချိန် ၄၇ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး  မန္တလေးမြို့မှာတော့ ၂၀၁၀ မေလ ၁၂ ရက်နေ့က  အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ထိ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ မိုးဇလဌာနကသိရပါတယ်။

ယူကေအခြေစိုက် Met Office Hadley Centre က ထုတ်ပြန်ထားတဲ့ လေ့လာချက် အစီရင်ခံစာအရ လက်ရှိရာစုနှစ်အကုန် သက္ကရာဇ် ၂၁၀၀ ခုကျရင်  အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူချိန် ၄ ဒီဂရီ စင်တီဂရိတ် တိုးလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013